Top Advertisement
မွေးနေ့လက်ဆောင်

မွေးနေ့လက်ဆောင် - မင်းဟန် (ခ) ဖိုးချို (ခ) ဗမင်းသစ် (သရုပ်ဖော် - မိုက်ကယ်လ်)

အားလုံးပဲ ပေါ့။
ငါ့မွေးနေ့ အကြောင်း ပါ။
ဘာ ထူးဆန်းလို့လဲလို့ မေးစရာ ရှိမှာပေါ့။
ထောင်ထဲမှာ (၂၁) နှစ် နေခဲ့ပြီး ၁၂/၁၀/၂၀၁၂ (သီတင်းကျွတ်လပြည့်နေ့) မှာ ပြန်လွတ်လာခဲ့တယ်။

အခု မွေးနေ့က ထောင်ကလွတ်လာပြီး အပြင်လောကမှာ ပထမဆုံး တွေ့ရတဲ့ မွေးနေ့ ပေါ့။
၎/၉/၂၀၁၂ အဲဒါ ငါ့ရဲ့မွေးနေ့ ပေါ့။

ငါက မွေးနေ့ အကြောင်းပဲ ပြောချင်တာပါ။
ဒါပေမဲ့ မွေးနေ့မတိုင်ခင်ကာလတိုလေးကို လဲ နဲနဲ ပြောပြထားချင်တယ်။

ငါ သရက်ထောင်က လွတ်တယ်။
ရန်ကုန်၊ တာမွေမှာ နေတယ်။
၈၈ မတိုင်ခင်က ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း လုပ်တယ်။
ငါကိုယ်တိုင်လဲ မဂ္ဂဇင်းတခုမှာ အယ်ဒီတာ လုပ်တယ်။
ဂီတ ပဒေသာမဂ္ဂဇင်း ပေါ့။
အခု ငါ ပြန် လွတ်လာတယ်။

အိမ်က ကန်ထရိုက်တိုက် ဖြစ်သွားပြီ။
ငါ့ မိသားစုက ၆ လွှာမှာ အခန်းတခန်း ရတယ်။
ဘာလုပ်ငန်းမှ မရှိတော့ဘူး။
အမေက ဆုံးသွားပြီ။
ညီလည်း ဆုံးသွားပြီ။

အဖေကတော့ ရှိသေးတယ်၊ ၇၉ နှစ် ။
သိကောင်း သိကြလိမ့်မယ်။ ယမုနာ စာပေ၊ ဦးဘိုးဟန် ပေါ့။
ငါ ပြန်လာတဲ့ အချိန်မှာ ဘာလုပ်ငန်းမှ အဖေက မလုပ်နိုင်တော့ဘူး။
ဘာ လုပ်ငန်းမှလဲ မရှိတော့ဘူး။
ဒီလိုနဲ့ အငယ်ဆုံး ညီမလေးရဲ့ထောက်ပံ့မှုနဲ့ ကာလတခု ရပ်တည်ခဲ့တယ်။
တနှစ် မပြည့်သေးတဲ့ အခု ညီမလေးကလဲ ငွေ လိမ်ခံရတယ်။
ငါ့ မွေးနေ့ မရောက်ခင်ပေါ့။
ဒီလိုနဲ့ ထောင်ထဲက လွတ်လာပြီး အပြင်လောကရဲ့ မွေးနေ့ကို ငါ နဖူးတွေ့ဒူးတွေ့ကြုံရတယ်။

မှတ်မှတ် ရရ အဲဒီနေ့က ၄/၉/၂၀၁၂ (အင်္ဂါနေ့) ။
ငါတို့ မိသားစုအားလုံး အခန်းလေးမှာ စကားပြောကြတယ်။
အဖေ ရယ်၊ ငါ ရယ်၊ ငါ့ မိန်းမရယ်၊ ငါ့ ညီမလေး ရယ်၊ ငါ့သား ၂ ယောက် ရယ်။
ဒီ အခြေအနေကို လွန်မြောက်ဖို့အတွက် ငါ့ အခန်းကို ရောင်းမယ်။
တောင် ဒဂုံ မှာ အိမ်ပြန် ဝယ်မယ်။
ပိုငွေလေးနဲ့ စီးပွါးရေးတခု လုပ်မယ်။
ဘယ်သူမှ မရောင်းချင်ကြပေမဲ့ ဒီနည်းလမ်းက လွဲပြီး တခြားမရှိလို့ ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြတယ်။

အဲဒီနေ့ ညပိုင်း။
အခန်းဝရန်တာလေးမှာ ထိုင်ရင်း
(ငါ့ အခန်းဝရန်တာက ကြည့်ရင် ရွှေတိဂုံဘုရားကို ဖူးတွေ့ရတယ်)
ငါ့ မွေးနေ့မှာ ရတဲ့ မွေးနေ့လက်ဆောင်ကို ပြန် စဉ်းစားမိတယ်။
ဒါ မွေးနေ့လက်ဆောင် ပဲ လေ။ ငါ ကျေနပ်ပါတယ်။

ဒါပေမဲ့ တခုတော့ ဆုတောင်းတယ်။
ငါ ရတဲ့ မွေးနေ့ လက်ဆောင်မျိုး
ငါ ရဲဘော်တွေ တယောက်မှ မရကြပါစေနဲ့ လို့
ဆုသာ တောင်းရတာ
ပြည့်မှာမဟုတ်မှန်း သိသိကြီးနဲ့။

မင်းဟန် (ခ) ဖိုးချို (ခ) ဗမင်းသစ်
ခံစားချက် - မွေးနေ့လက်ဆောင် မင်းဟန် (ခ) ဖိုးချို (ခ) ဗမင်းသစ် - Oct 29 2012 03:30 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မင်းဟန် (ခ) ဖိုးချို (ခ) ဗမင်းသစ် ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005