Top Advertisement
ဗိုလ်မှူးချုပ်ကျော်ဇော (သို့ ) ကြယ်နီကြီးအတွက် ထာဝရ လွမ်းချင်း

irrawaddy.org

သြော်၊ တိုင်းပြည်အတွက်
ကြယ်နီတပွင့် ကြွေပြန်ပြီ၊

အကြွေမစောဘူး ဆိုလောက်ပေမယ့်
ဂုဏ်သရေအတွက် နှမြောမိတယ်
ဒို့ ဗမာ့ဂုဏ်ဆောင်
သွေးသောက်ခဲ့တဲ့ သူရဲကောင်းကြီး
နိုင်ငံတော်အခမ်းအနား ထိုက်ပါလျှက်
နိုင်ငံတော်ဆိုတဲ့ ပုဂ္ဂိုလ်တွေ လျစ်လျူရှုမှု
ဝေးတမြေမှာ ထီးငိုက်ခဲ့ရရှာပေါ့
ဗိုလ်ကျော်ဇောကို မှန်း ။

(၁၀ ရက်၊ ၁၀ လ၊ ၂၀၁၂) အာရုဏ်ဦးမှာ တဲ့
ရဲဘော်သုံးကျိပ်ကြီး (ဘ) ဗိုလ်ကျော်ဇော
ဗမာပြည်ကို နှုတ်ဆက်
(၉၃) နှစ်ကို နှုတ်ဆက်
ထားရစ်ခဲ့ပြီ၊ သွားခဲ့ပြီ။

ကျွန်ဗမာပြည်ကို
သခင်ဗမာပြည်ဖြစ်ဖို့ ရာလဲ
သခင်ရွှေ (ဗိုလ်ကျော်ဇော) ပါခဲ့တယ်။

ဖက်ဆစ်ဂျပန်ကို
အမိမြေမှ မောင်း
လွတ်လပ်ဖို့ ရာလဲ
ရဲဘော်ဗိုလ်ကျော်ဇော ပါခဲ့တယ်။

ရန်ကုန်အစိုးရ
ခေါ်သမုတ်ဘဝက လွတ်ဖို့ 
ဒီမိုနိုင်ငံတော် ကာကွယ်ရေးထဲ
ဗိုလ်မှူးကျော်ဇော ပါခဲ့တယ်။

၁၉၅၀ - ကူမင်တန်တရုတ်
နယ်လာကျူးသမျှ
မောင်းထုတ်ဖို့ ရာလဲ
ဗိုလ်မှူးချုပ်ကျော်ဇော ပါခဲ့တယ်။

ကျော်ဇောလွန်းတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော
တပ်တွင်း တပ်ပြင်
ပြည်သူပါ ခင်ကြလွန်းတော့

ပုခုံးချင်း ယှဉ်လာမှာစိုးတဲ့
အာဏာရူး ဗိုလ်နေဝင်းရဲ့
မြေခွေးမျက်စောင်းကြား
အကောက်ကြံသမျှ
ရိုးရိုးသမားတွေ ခံခဲ့ရသူတွေထဲ
ဒို့ - ဗိုလ်ကျော်ဇောလဲပါ
စစ်တပ်မှ အနားယူပြီ။

စစ်တပ်က အနားယူခဲ့ရပေမယ့်လဲ
ပြည့်အာဏာသိမ်းစစ်တပ်ကို အံတုဖို့ 
မိခင် ဗမာပြည်ကွန်မြူနစ်ပါတီ
ဌာနချုပ်ရှိရာ ပန်ဆိုင်းကို
တာဝန်ဆက်ထမ်းဖို့  သွားခဲ့သူ။

ဒီ ကမ္ဘာမှာ
အများကျိုးတွက် ရည်မျှော်ပြီး
ယုံကြည်ချက်ဘက်
အသက်ထွက်ရသူတွေထဲ
ဒို့ စံပြ ဗိုလ်ကျော်ဇောလဲပါ
ထာဝရ - ဂါဝရပါ သခင်။

တကယ်ဆိုရင်
သူ့ နောက်ဆုံး သည်ခရီးမှာ
သုံးရောင်ခြယ်ဒေါင်းအလံ အုပ်
ဗကပ တပွင့်ကြယ်အလံ အုပ်
ပြည်ထောင်စု အလံတော် အုပ်
ဘင်ခရာစစ်တီးဝိုင်းနဲ့ 
သေနတ်ဖောက် အမြောက်ဖောက်
တပ်မတော်သား ပြည်သူများက
ခမ်းနားခြင်းနဲ့  ဝမ်းနည်းတပင်း
အမိန့် စာပြန် မျက်ရည်လျှံလို့ 
သဂြိုံဟ်ကြရမှာ။

ခုတော့ တာဝန်ကျေ သူရဲကောင်းကြီးရဲ့
နောက်ဆုံးဆိုတဲ့ ခရီးလမ်းဟာ
တရုတ်ပြည် ကူမင်းမှာ
ခြောက်ကပ်ကပ်ပဲလား။

ဗမာပြည်ကို အကြိမ်ကြိမ် ကယ်ခဲ့တဲ့
ရဲဘော်သုံးကျိပ်ထဲက တယောက်
ဝေးတမြေမှာ စုတေရပေမယ့်
ဒို့ ဗမာမြေမှာ
သူ့ အတွက် တနေရာ ရှိသင့်တယ်။

ဒါ - ဗိုလ်ကျော်ဇော ဟေ့လို့ 
နှောင်းသူတွေ အတုကောင်းအောင်
လက်ညှိုးထိုး ပြနိုင်ဖို့ 
ဒို့ ဗမာပြည်မှာ
သူ့ အတွက် တနေရာ ရှိသင့်တယ်။

မသေခင် ရွှေတိဂုံဖူးချင်တဲ့ ဆန္ဒကြွေး
ဆပ်ကြတဲ့အနေနဲ့ ဖြစ်ဖြစ်၊

ဒို့တိုင်းပြည်တွက် အထူးထူးသော
(သူ) ဗိုလ်ကျော်ဇော ပြုဖူးလေတဲ့
ဂုဏ်ကျေးဇူးကို အမှတ်ရတဲ့ အနေနဲ့ ဖြစ်ဖြစ်၊ နန်းပြဿဒ်နဲ့ ဂူဗိမ္မာန်ထား
အရိုးပြာ ဖြစ်ပါစေ
ဦးခိုက်ကော်ရော်ဖို့ ထားသင့်
ကျေးဇူးမကန်းတတ်ကြရင်။ ။

ကျော်ဟုန်း

(၁၀ ၊ ၁၀ ၊ ၂၀၁၂ တွင် တရုတ်ပြည် ကူမင်းမြို့ မှာ ကွယ်လွန်သွားသည့် ဗမာ့သူရဲကောင်း ရဲဘော်သုံးကျိပ် ဗိုလ်ကျော်ဇော အား ထို ကဗျာဖြင့် ဦးညွတ် ဂါဝရပြုပါသည်။)
ခံစားချက် - ဗိုလ်မှူးချုပ်ကျော်ဇော (သို့ ) ကြယ်နီကြီးအတွက် ထာဝရ လွမ်းချင်း - Oct 11 2012 12:20 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005