အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ

http://www.cbsnews.com

နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ၈ ရက်ကြာ ပဋိပက္ခ အဆုံးသတ်ဖို့အတွက် ဂါဇာကမ်းမြောက်ဒေသ အပစ်အခတ် ရပ်စဲဖို့ အစ္စရေးလ်အစိုးရနဲ့ ဟားမတ်စ် အဖွဲ့တို့ ၂၀၁၂၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် သဘောတူညီခဲ့ပါတယ်။ ထို အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ဖို့အတွက် အီဂျစ် အစ္စလာမ်မစ် အစိုးရက ကြားဝင် ဆောင်ရွက်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ရေရှည် တည်တံ့ဖို့အတွက် အီဂျစ်အစိုးရအနေနဲ့ အဓိကနေရာက ပါဝင်ရမှာ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေးအတွက် သဘောမတူမီ အစ္စရေးလ်နိုင်ငံ မြို့တော် တဲလ်အဗစ်ဗ် (Tel Aviv) မြို့ရှိ အစ္စရေးလ် စစ်ရုံးချုပ်အနီးတွင် ဘတ်စ်ကားဗုံး ပေါက်ကွဲခဲ့ရာ ၂၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ နောက်ဆုံး အပစ်အခတ် မရပ်စဲမီ ဟားမတ်စ်ဘက်က အစ္စရေးလ်ပိုင်မြေထဲကို ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့သလို အစ္စရေးလ်တို့ကလည်း ဂါဇာကမ်းမြောင်က ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၂၊ နိုဝင်ဘာ ၂၀ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် အစ္စရေးလ်နိုင်ငံ ဂျေရုဆလင်မြို့ကို ရောက်ရှိခဲ့ပြီး အစ္စရေးလ် ၀န်ကြီးချုပ် ဘန်ဂျမဲန် နတ်တန်ရာဟု (Benjamin Netanyahu) နဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က အီဂျစ် ထောက်လှမ်းရေး အရာရှိများဟာ အစ္စရေးလ် ကိုယ်စားလှယ်အဖွဲ့၊ ပြည်ပရောက် ဟားမတ်စ် ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ကိုင်ရိုမြို့တွင် သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုင်ရိုကို ရောက်လာပြီး အစ္စရေးလ်သမ္မတ ရှီမွန်ပဲရက်စ်နဲ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက အီဂျစ်သမ္မတ မိုဟာမက် မော်စီနဲ့ အစ္စရေးလ် ၀န်ကြီးချုပ် ဘန်ဂျမဲန် နတ်တန်ရာဟုတို့ဆီ နိုဝင်ဘာ ၁၉ ရက်နေ့က တယ်လီဖုန်းဆက်ပြီး ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်သမ္မတအနေနဲ့ အစ္စရေးလ်နဲ့ ပါလက်စတိုင်းပြည်သူများ သေကြေနေခြင်းနဲ့ ပတ်သက်ပြီး စိတ် မသက်မသာ ဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို အဆုံးသတ်ဖို့ နှစ်ဘက်ခေါင်းဆောင်များကို ပြေကြားခဲ့ပါတယ်။

အခု သတင်းရေးသားနေချိန်တွင် ဂါဇာကမ်းမြောင်ဒေသအနီး တပ်စွဲထားတဲ့ အစ္စရေးလ်တပ်များ ပြန်လည် ဆုတ်ခွာနေပါတယ်။ ဟားမတ်စ်အာဏာပိုင်များက ဂါဇာနဲ့ အီဂျစ်နယ်စပ်ကို ပြန်ဖွင့်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဂါဇာဒေသကို လက်နက်တင်သွင်းနေတဲ့ကိစ္စတွေကို ကူညီ ဖော်ထုတ်ပေးဖို့အတွက် အီဂျစ်အစိုးရက ဂတိပြုခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့တဲ့အတွက် ဂါဇာနေ ပါလက်စတိုင်းပြည်သူများ လမ်းမပေါ်ထွက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။ အပစ်အခတ် ရပ်စဲရေး ရရှိခြင်းနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက အောင်ပွဲအဖြစ် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အခု သဘောတူညီခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကို ရေရှည် တည်ဆောက်နိုင်မယ်ဆိုရင် ၁၉၄၈ ခုနှစ်က စတင်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို လုံးဝ အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစ္စလာမ် အစွန်းရောက်များရဲ့ အနောက်နိုင်ငံများအပေါ် မုန်းတီးမှုကို အခြေခံတဲ့ ပြဿနာများလည်း လျော့ကျသွားနိုင်ပါတယ်။

အခု အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခြင်းနောက်ကွယ်က အဓိက အကြောင်းရင်းတခုကတော့ လက်ရှိ အာဏာရ အီဂျစ်အစိုးရရဲ့ ပါဝင်ပါတ်သက်မှု ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံက မူဆလင်ညီအစ်ကိုများအဖွဲ့ဟာ ဟားမတ်စ်နဲ့ အနီးကပ် ဆက်ဆံရေးရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။ အာရတ်နွေဦး ပြောင်းလဲမှုနောက်ပိုင်း အီဂျစ်နိုင်ငံတွင် မူဆလင်ညီအစ်ကိုများ အဖွဲ့ အာဏာရရှိလာခဲ့ပြီး အခု အပစ်အခတ် ရပ်စဲရေး နဲ့ ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှု လုပ်ငန်းစဉ်တွင် အီဂျစ်အစိုးရအနေနဲ့ နက်နက်ရှိုင်ရှိုင်း ပါဝင်နိုင်ခဲ့ပါတယ်။

အစ္စရေးလ်နိုင်ငံ တည်ရှိတဲ့နေရာဟာ ပါလက်စတိုင်းနဲ့ ဂျူးလူမျိုးများ နေထိုင်နေတဲ့ ဒေသတခု ဖြစ်ကာ အစ္စရေးလ်နိုင်ငံအဖြစ် စတင် ကြေငြာတဲ့ ၁၉၄၈ မေလ ၁၄ ရက်နေ့ကတည်းက အာရတ်နိုင်ငံများက အစ္စရေးလ်ကို ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ရာ စစ်ပွဲပေါင်း မြောက်များစွာ ဖြစ်ပွားခဲ့ပါတယ်။ ထို ပဋိပက္ခများနဲ့ ဆက်နွယ်ကာ အစ္စလာမ် အစွန်းရောက်များ ပေါ်ပေါက်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက် ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦ တိုက်ခိုက်မှု အပါအ၀င် အသေခံတိုက်ခိုက်မှုများ ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့ပါတယ်။

အခု သဘောတူညီတဲ့ အပစ်အခတ် ရပ်စဲရေးကို ရေရှည် တည်ဆောက်နိုင်ရင်ဖြင့် အရှေ့အလယ်ပိုင်းဒေသ မငြိမ်သက်မှုနဲ့ ဆက်နွယ်တဲ့ အပြစ်မဲ့ပြည်သူများ သေဆုံးမှုကို နိဂုံးချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
သတင်း - အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ - Nov 23 2012 12:16 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005