မရေမရာ ဖြစ်နေသေးတဲ့ အစ္စရေး ဟားမတ်စ် ပဋိပက္ခ

bbc.co.uk

တပတ်ခန့်ကြာပြီဖြစ်တဲ့ အစ္စရေးအစိုးရနဲ့ ဂါဇာကမ်းမြောင်ရဲ့ အုပ်ချုပ်ရေးကို တာဝန်ယူထားတဲ့ ဟားမတ်စ်အဖွဲ့တို့ရဲ့ ပဋိပက္ခ ပြေလည်ရရှိနိုင်ရေးဟာ မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်တို့ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေသော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် ဘယ်သူမှ ဂတိက၀တ် မပြုနိုင်ဘဲ ဖြစ်နေပါတယ်။

အခု တိုက်ခိုက်မှုများအတွင်း ဟားမတ်စ်တို့က အစ္စရေးလ်ဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို အစ္စရေးဘက်ကလည်း ဒုံးကျည်တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးလ်ဘက်က (နိုဝင်ဘာ ၂၀ ရက်နေ့အထိ) ဂါဇာကမ်းမြောင်ရှိ ပစ်မှတ် ၁,၃၅၀ ခုကို တိုက်ခိုက်ခဲ့ရာ ၁၀၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ကိုးရာကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဟားမတ်စ်ဘက်က အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ၈၇၇ ကြိမ် ပစ်ခတ်ခဲ့ရာ အကြိမ် ၅၇၀ အစ္စရေးလ်ဘက်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ၃၀၇ ကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ ဒေသစံတော်ချိန် မနက်ပိုင်းသတင်းများအရ အစ္စရေးလ်နယ်စပ်နားရှိ ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်နေကြသူအားလုံး ပြောင်းရွှေ့ထားကြဖို့ အစ္စရေးလ်စစ်တပ်က လေယာဉ်ပေါ်ကနေ စာများ ကြဲချထားကြောင်း သိရပါတယ်။ အစ္စရေးလ်ကြည်းတပ်ရဲ့ မြေပြင်ထိုးစစ်တွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများ ထွက်ခဲ့ပြီး ဂါဇာနယ်စပ်အနီး အစ္စရေးလ်စစ်တပ်တွေ ရောက်ရှိနေပါတယ်။

ဘာရတ်အိုဘားမားနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဟယ်လာရီ ကလင်တန် အစ္စရေးလ်ကို နိုဝင်ဘာ ၂၀ ရက်နေ့ ဒေသစံတော်ချိန် ညပိုင်းက ရောက်ရှိလာပြီး အစ္စရေးလ် ၀န်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကနဦးသတင်းများအရ အမေရိကန် အရှေ့ဘက်ပိုင်း စံတော်ချိန် နေ့လည် ၂ နာရီတွင် အပစ်အခတ်တွေ ရပ်နားထားဖို့ အစီအစဉ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ သို့သော် ထိုအချိန် မရောက်မီလေးမှာတင် နှစ်ဘက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အခု ဖြစ်ပွားတဲ့ ပဋိပက္ခကို အစ္စရေးလ်ဘက်က နိုဝင်ဘာ ၁၄ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို ထိမ်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့ စစ်တပ်အကြီးအကဲ အာမက် ဂျာဘာရီ (Amed Jabari) အား အစ္စရေးလ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ကာကွယ်ခြင်းအုတ်မြစ် စစ်ဆင်ရေး စတင်လိုက်ကြောင်း ကြေငြာလိုက်ပါတယ်။ ဂါဇာဒေသကို ၂၀၀၇ ခုနှစ်မှ စတင် အုပ်ချုပ်ခဲ့တဲ့ ဟာမတ်စ်အဖွဲ့ကလည်း ဂျာဘာနီကို လုပ်ကြံခြင်းဟာ ငရဲတံခါးကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ထို့နောက် ဟားမတ်စ်က အစ္စရေးလ်ဘက်ကို ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေးလ်ကလည်း ဟားမတ်စ်ရဲ့ လက်နက်တိုက်များ၊ မီဒီယာဌာနများနဲ့ (အခုနောက်ဆုံး) အစိုးရရုံးများကို တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲများအတွင်း အစ္စရေးလ်ဘက်က အကျအဆုံး နည်းပါးရခြင်းကတော့ လူနေဒေသများကို တိုက်ခိုက်တဲ့ ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်တဲ့ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ကြောင့် ဖြစ်ပါတယ်။ ထို စနစ်ကို အမေရိကန် အထောက်အပံ့နဲ့ တည်ဆောက်ထားခြင်း ဖြစ်ကာ အစ္စရေးလ်မြို့များဆီ ဦးတည်တဲ့ ဒုံးကျည် အနည်းဆုံး ၉၀ ရာနှုန်းကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ထို့အပြင် ၁၃ နှစ်သား အစ္စရေးလ် ကလေးငယ်တဦး တီထွင်ထားတဲ့ လက်ကိုင်ဖုန်းသုံး ဒုံးကျည် အန္တရာယ်အသိပေးစနစ်ကလည်း အတော်လေး အသုံးတည့်နေတာ တွေ့ရပါတယ်။ ဟာမတ်စ်အတွက် လက်နက်များကို အီရန်နိုင်ငံမှ တင်သွင်းခဲ့တာဖြစ်ပြီး ရေလမ်း၊ ကုန်းလမ်း၊ ဥမင်လှိုဏ်ခေါင်းများနဲ့ ဂါဇာကမ်းမြောက်ဆီ ပို့ဆောင်ခဲ့တယ်လို့ အစ္စရေးလ်ဘက်မှ ဆိုပါတယ်။

ဂါဇာကမ်းမြောက်နေ ပါလက်စတိုင်းလူမျိုးများအတွက် ဒုံးကျည်နဲ့ ဗုံးကြဲတိုက်ခိုက်မှုများရန်က အကာအကွယ်ပေးတဲ့ စနစ် မရှိတဲ့အတွက် ကလေးငယ်များ အပါအ၀င် သေဆုံးမှု အများအပြား ရှိခဲ့ပါတယ်။ အစ္စရေးလ်ဘက်ကနေ ဟားမတ်စ်နဲ့ သက်ဆိုင်တဲ့ပစ်မှတ်များကိုသာ ပစ်ခတ်တယ်လို့ ပြောပေမယ့် ထို ပစ်မှတ်များဟာ လူနေရပ်ကွက်များအတွင်း ရှိနေတဲ့အတွက် အပြစ်မဲ့ပြည်သူများပါ သေဆုံးရခြင်း ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်း ကြိုးစားနေကြစဉ် ယာယီ အပစ်အခတ် ရပ်စဲရေးထက် ရေရှည် တည်တံ့မယ့် လုပ်ငန်းစဉ်နဲ့ အစ္စရေးလ်ပြည်သူများ စိတ်အေးလက်အေး နေနိုင်မယ့် ငြိမ်းချမ်းရေးကို လိုလားကြောင်း အစ္စရေးလ်ဘက်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
သတင်း - မရေမရာ ဖြစ်နေသေးတဲ့ အစ္စရေး ဟားမတ်စ် ပဋိပက္ခ - Nov 21 2012 02:49 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005