ရန်ကုန်နဲ့ ဆန်ဖရန်စစ္စကိုမြို့တို့ ညီအမမြို့အဖြစ် ဆက်ဆံရန် ပြင်ဆင် နေ

(၀ဲ မှ ယာ) Rich Cho ၊ မေမာလင်း၊ ဆန်ဖရန်စစ္စကိုမြို့တော်ဝန်၊ Eugene Shu ၊ ဖိလစ် မောင်

မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းနဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့နဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ နှစ်မြို့အား ညီအမမြို့တော် (Sister City) အဖြစ် ဆက်ဆံ ဆောင်ရွက်နိုင်ရန်အတွက် ဆန်ဖရန်စစ္စကိုမြို့တွင် အခြေစိုက် တည်ထောင်ထားတဲ့ အမေရိကန် မြန်မာ ကုန်သည်ကြီးများအသင်း (USA Myanmar Chamber of Commerce) က ပြင်ဆင် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

အမေရိကန် မြန်မာကုန်သည်ကြီးများအသင်းကို မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံရှိ လုပ်ငန်းရှင်များအကြား စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်း၊ ပြောင်းလဲလာတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေး အခြေအနေများအရ နှစ်နိုင်ငံ ပြည်သူများအကြား ပိုမို နီးကပ်တဲ့ ဆက်ဆံမှုများ ဆောင်ရွက်နိုင်ရန်၊ ရန်ကုန်မြို့တော်နဲ့ ဆန်ဖရန်စ္စကိုမြို့တို့အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမို မြင့်မားလာစေရန်အတွက် ညီအမမြို့တော်အဖြစ် ဆက်သွယ် ဆောင်ရွက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ညီအမမြို့တော်အဖြစ် ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် ဆန်ဖရန်စစ္စကိုမြို့တော်ဝန် အပါအ၀င် မြို့ အုပ်ချုပ်ရေးအာဏာပိုင်များဘက်က သဘောတူညီထားပြီး ဖြစ်ကာ ရန်ကုန်မြို့တော် တာဝန်ရှိသူများနဲ့ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလအတွင်း ဆွေးနွေးနိုင်ရန် ပြင်ဆင်နေကြကြောင်း သိရပါတယ်။ အမေရိကန် မြန်မာ ကုန်သည်ကြီးများအသင်းက တာဝန်ရှိသူတချို့ ရန်ကုန်တွင် ရောက်ရှိနေသလို အချို့လည်း မြန်မာပြည်ကို သွားရောက်ရန် ပြင်ဆင်နေကြောင်း၊ မကြာမီ စတင်ဘွယ်ရှိတဲ့ ခရီးစဉ်များအတွင်း ဆန်ဖရန်စစ္စကိုမြို့တော်ဝန်ရဲ့ ဇနီးလည်း အမေရိကန် မြန်မာ ကုန်သည်ကြီးများအသင်းက တာဝန်ရှိသူတချို့နဲ့အတူ ရန်ကုန်မြို့ကို သွားရောက်နိုင်ခြေရှိကြောင်း စိတ်ချတဲ့ သတင်းရပ်ကွက်တခုက ပြောပြပါတယ်။

ထိုသို့ ညီအမမြို့တော်အဖြစ် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေမှုများနဲ့ ပတ်သက်ပြီး အမေရိကန် မြန်မာ ကုန်သည်ကြီးများအသင်း ဒါရိုက်တာတဦးဖြစ်သူ ဖိလစ် မောင်ကို ယနေ့မြန်မာက မေးမြန်းကြည့်ရာ သူက “ကျွန်တော်တို့အသင်းရဲ့ ရည်ရွယ်ချက်က မြန်မာပြည်ကို စီးပွားရေး သွားရောက် လုပ်ကိုင်လိုသူတွေကို သတင်း အချက်အလက်တွေ ရှာပေးတယ်။ လိုအပ်တာတွေ ကူညီပေးတယ်။ ဒီဘက်မှာ လာ လုပ်ချင်တယ်ဆိုရင်လည်း ဒီဘက်က အဆက်အသွယ် ရှာပေးတယ်။ စည်းကမ်း စည်းမျဉ်း ဥပဒေ၊ ယဉ်ကျေးမှုအကြောင်းတွေ ရှင်းပြတယ်။ နှစ်ဘက်ကို စီးပွားရေးလုပ်ဖို့ တံတားခင်းပေးတာပါ။“ လို့ ဆန်ဖရန်စစ္စကိုမြို့တွင် တည်ထောင်ထားတဲ့ အမေရိကန် မြန်မာ ကုန်သည်ကြီးများအသင်းနဲ့ ပတ်သက်ပြီး စတင် ရှင်းပြပါတယ်။

သူက ဆက်လက်ပြီး “ပထမဦးဆုံးက ကုန်သည်ကြီးများအသင်း တည်ထောင်ဖို့ အစီအစဉ် မရှိဘူး။ ညီအမမြို့တော်အဖြစ် ဆောင်ရွက်ဖို့ စတင်ခဲ့တာပေါ့ နော်။ နောက်တော့ မြို့နှစ်မြို့ ဆက်သွယ် ဆောင်ရွက်နိုင်ဖို့၊ စီးပွားရေးတွေ ပိုမို လုပ်ကိုင်လာနိုင်ဖို့ စတဲ့ ကိစ္စတွေနဲ့ ဆက်နွယ်ပြီး နှစ်ခုစလုံးကို လုပ်ဖြစ်သွားတာပါ။ ညီအမမြို့တော်ဆိုတာကတော့ ၁၉၅၀ ကျော်လောက် အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါလက်ထက်ကတည်းက ယဉ်ကျေးမှု ဖလှယ်ရင်း၊ နားလည်မှု တည်ဆောက်ကြဖို့ စတင် ဆက်သွယ် ဆောင်ရွက်လာကြတာပါ။ ဆန်ဖရန်စစ္စကိုမြို့က စုစုပေါင်း နိုင်ငံ ၂၁ နိုင်ငံက မြို့ ၂၁ မြို့နဲ့ ညီအမမြို့တော်အဖြစ် ဆက်သွယ် ဆောင်ရွက်ခဲ့ပြီးပါပြီ။ ရန်ကုန်နဲ့ ဆိုရင် နိုင်ငံ ၂၂ နိုင်ငံက မြို့ ၂၂ မြို့ ဖြစ်သွားမှာပေါ့နော်။“ လို့ ညီအမမြို့တော် ဆက်သွယ် ဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

ရန်ကုန်နဲ့ ဆန်ဖရန်စစ္စကိုမြို့နှစ်မြို့ ညီအမမြို့တော်များအဖြစ် ဆက်သွယ် ဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန် မြန်မာ ကုန်သည်ကြီးများအသင်းက ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် အာဏာပိုင်များဘက်ရဲ့ ဘဘောထားကိုတော့ ပြောရန် စောနေသေးကြောင်း ထို လုပ်ငန်းစဉ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
သတင်း - ရန်ကုန်နဲ့ ဆန်ဖရန်စစ္စကိုမြို့တို့ ညီအမမြို့အဖြစ် ဆက်ဆံနိုင်ရန် ပြင်ဆင် နေ - Nov 19 2012 08:39 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005