အမျိုးသမီးကိစ္စကြောင့် ရာထူးမှ နှုတ်ထွက်လိုက်ရတဲ့ စီအိုင်အေ ဒါရိုက်တာ

cnn.com

အမေရိကန်ထောက်လှမ်းရေးဌာန (စီအိုင်အေ) (CIA - Central Intelligent Agency) ဒါရိုက်တာ ဒေးဗစ် အိပ်ခ်ျ ပက်ထရွေးရစ် (David H. Patraeus) ဟာ အမျိုးသမီးကိစ္စ မရှုပ်မရှင်းဇာတ်လမ်း ပေါ်ထွက်လာတဲ့အတွက် ၂၀၁၂ နိုဝင်ဘာ ၉ ရက်နေ့က အမေရိကန် ထောက်လှမ်းရေးဌာန (စီအိုင်အေ) ဒါရိုက်တာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပါတယ်။

ထိုသို့ နှုတ်ထွက်ခြင်းအကြောင်းရင်းနဲ့ ပတ်သက်ပြီး ၂၀၁၂ နိုဝင်ဘာ ၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ David Patraeus ရဲ့ ကြေငြာချက်တွင် “မနေ့ နေ့လည်က အိမ်ပြူတော်ကို သွားရောက်ပြီး ကိုယ်ရေးကိစ္စတွေကြောင့် စီအိုင်အေ ဒါရိုက်တာ ရာထူးမှ နှုတ်ထွက်ခွင့်ပြုရန် သမ္မတအိုဘားမားကို ကျွန်တော် သွားရောက် ပြောကြားခဲ့ပါတယ်။“ လို့ အစချီ ဖော်ပြထားပါတယ်။

ရာထူးမှ နှုတ်ထွက်သွားတဲ့ စီအိုင်အေ ဒါရိုက်တာ David Patraeus ဟာ အမေရိကန်စစ်တပ်တွင် ၃၇ နှစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကာ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး အဖြစ် နောက်ဆုံး တာဝန်ယူခဲ့ပါတယ်။

သူဟာ အမေရိကန်စစ်တပ်ရဲ့ နာမည်ကြီး အမှတ် ၁၀၁ လေထီးခုန်တပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၃ အီရတ်စစ်ပွဲရဲ့ အရေးကြီး စစ်ဆင်မှုအောင်ပွဲတွေကို စွမ်းဆောင်ခဲ့ပါတယ်။ ထို့အပြင် ၂၀၀၄ ခုနှစ် ဇွန်လတွင် နိုင်ငံစုံ ငြိမ်းချမ်းမှု အသွင်ကူးပြောင်းရေး ဗျူဟာရုံး - အီရတ် (Multi-National Security Transition Command – Iraq) ရဲ့ ပထမဆုံး ဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သလို အမေရိကန်စစ်တပ်ရဲ့ နိုင်ငံ ၂၀ ရှိ နိုင်ငံတကာ စစ်ဒေသတွေကို တာဝန်ယူရတဲ့ U.S. Central Command စစ်ဦးစီးချုပ်၊ အာဖကန်နစ္စတန်နိုင်ငံရှိ နေတိုးအဖွဲ့ ခေါင်းဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့ (International Security Assistance Force (ISAF)) စစ်ဦးစီးချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ David Patraeus ဟာ စစ်ဘက်ဆိုင်ရာ ထိပ်တန်းရာထူးတွေကို တာဝန်ယူခဲ့သလို အမေရိကန်စစ်တပ်နဲ့ နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုတံဆိပ်ပေါင်း မြောက်များစွာကိုလည်း လက်ခံရရှိသူ ဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဘွယ်ရှိကြောင်း သုံးသပ်ခံရသူ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ရဲ့ အထင်ကရ စစ်ဆင်ရေးများနဲ့ စစ်ဒေသများတွင် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ David Patraeus ဟာ ၂၀၁၁၊ သြဂုတ် ၃၁ ရက်နေ့တွင် စစ်တပ်မှ အနားယူကာ စီအိုင်အေ ဒါရိုက်တာအဖြစ် ၂၀၁၁ စက်တင်ဘာ ၆ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

David Patraeus နဲ့ မလွတ်မကင်း ဖြစ်ခဲ့သူကတော့ သူ့ရဲ့ ကိုယ်ရေးအထုပ္ပတ္တိစာအုပ် ရေးသားသူတဦးဖြစ်သူ အသက် ၄၀ အရွယ်ရှိ ပေါ်လာ ဘရော့ဒ်ဝဲလ် (Paula Broadwell) ဖြစ်ပါတယ်။ ပေါ်လာ ဘရော့ဒ်ဝဲလ်က အခြား အမျိုးသမီးတဦးထံ အနှောက်အယှက်ပေးတဲ့၊ တိုက်ခိုက်တဲ့ အီးမေးလ်တွေ ပေးပို့ခဲ့ပြီးနောက်ပိုင်း David Patraeus နဲ့ ပေါ်လာတို့ရဲ့ ဇာတ်လမ်းကို အမေရိကန်တာဝန်ရှိသူတွေ သိလာကြခြင်း ဖြစ်ပါတယ်။

တိုက်ခိုက်တဲ့ အီးမေးလ်တွေ လက်ခံရရှိသူ အမျိုးသမီးက တာဝန်ရှိသူတွေထံ တိုင်ကြားရာမှ အစပြုကာ အမေရိကန် ဗဟိုအစိုးရ ထောက်လှမ်းရေး အဖွဲ့ (အက်ဖ်ဘီအိုင်) (FBI - Federal Bureau of Investigation) က စုံစမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။ ထို စုံစမ်းမှုများအရ တိုက်ခိုက်တဲ့ အီးမေးလ် ပေးပို့သူဟာ ပေါ်လာဖြစ်ကြောင်း၊ ပေါ်လာနဲ့ David Patraeus တို့အကြားမှာ အလုပ်သဘောထက် ပိုမို နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိကြောင်း၊ ပေါ်လာကို ဒေးဗစ်က အစိုးရ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ အချက်အလက်များကို အသိပေးခဲ့ကြောင်း သိရှိလာခဲ့ကြရပါတယ်။ ဒါ့ကြောင့် နောက်ဆုံး David Patraeus ရာထူးက နှုတ်ထွက်ခဲ့ရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့သတင်းများအရ အနှောက်အယှက်ပေးတဲ့၊ တိုက်ခိုက်တဲ့ အီးမေးလ်များ လက်ခံရရှိသူ အမျိုးသမီးဟာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ အမေရိကန်စစ်စခန်းတခုတွင် တာဝန်ထမ်းဆောင်နေသူ အသက် ၃၇ နှစ် အရွယ်ရှိ ဂျယ်လ် ကာလီ (Jill Kelley) ဖြစ်ကြောင်း၊ အမေရိကန်လွှတ်တော်ရဲ့ David Patraeus နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို စီအိုင်အေ၊ အက်ဖ်ဘီအိုင်နဲ့ သမ္မတအိမ်ဖြူတော်တို့အနေနဲ့ ဖြေဆိုရဘွယ်ရှိကြောင်း သိရပါတယ်။

CIA Website

သတင်း - အမျိုးသမီးကိစ္စကြောင့် ရာထူးမှ နှုတ်ထွက်လိုက်ရတဲ့ စီအိုင်အေ ဒါရိုက်တာ - Nov 12 2012 12:54 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005