မြန်မာပြည်တွင် ငလျင် ၂ ခါ လှုပ်၊ ၁၂ ဦး သေဆုံး၊ လူတွေ ကြောက်လန့်နေကြ
yahoo.com
“မန္တလေးမှာ တော်တော်လေးတော့ လှုပ်သွားတယ် ဗျ။ နှစ်ခါ လှုပ်တာ၊ မနက်နဲ့ ညနေနဲ့ လေ။ မနက် ၈ နာရီမတ်တင်းလောက်က တခေါက်၊ ညနေ ၅ နာရီကျော်ကျော်လောက်က တခေါက်၊ ကျွန်တော်တို့ အရပ်ထဲမှာတော့ ဘာမှ အပျက်အစီး မရှိဘူး ပေါ့။ ကြားတာတွေကတော့ ဘုရားကြီးဘက်မှာ တိုင်တလုံးက နှစ်ခြမ်းကွဲသွားတယ် တို့၊ ဈေးချို မန်းမြန်မာပလာဇာကြီးက ၅ လက်မ နိမ့်ဝင်သွားတယ်လို့လည်း ပြောကြတယ်။ ဒီနေ့ ဈေးမထွက်ရဘူးဆိုတာတော့ ဟုတ်တယ်။ ဈေးပိတ်လိုက်တယ်လို့ ပြောတယ်။
ငလျင်ကြီး ည ၁ နာရီမှာ ငလျင်လှုပ်မယ်လို့လည်း ပြောနေကြတယ်။ လူတွေကတော့ ကြောက်နေတယ် ဗျ။ ညကို အထပ်မြင့်တွေမှာ မအိပ်ကြဘဲ အောက်မှာ အိပ်ကြမယ်လို့ လူတိုင်းက ပြောနေကြတာ။ ကျီးလန့်စာစားတော့ တော်တော်လေး ဖြစ်နေတယ်။ ကျွန်တော်တို့တောင် ဒီနေ့ အလယ်ထပ်၊ အောက်ထပ်တွေမှာ အိပ်မယ်လို့ စဉ်းစားထားတယ်။ စိတ်ဖြောင့်လက်ဖြောင့် အိပ်ရတာပေါ့။
လူတွေ ထွက်ပြေးကြတာပေါ့။ ကျွန်တော်တို့က ဆေးဆိုင် ဆိုတော့ မနက်မိုးလင်းတုန်းကလည်း တအိမ်လုံး၊ တရပ်လုံး၊ မန္တလေးတမြို့လုံး အပြင်ဘက်ကို ပြေးကြပါတယ်။ လမ်းပေါ်ထွက်ရပ်နေကြတာပဲ။ တော်တော်နဲ့လည်း ပြန်မ၀င်ရဲဘူး။ ဒါမျိုးတခါမှ မကြုံဘူးကြတာ။ ကျွန်တော်တို့မြို့အနေအထားအရ မကြုံဘူးလောက်အောင်ကို ဖြစ်သွားတာ။ လူတွေက ၁၀ နာရီမှာ လှုပ်မယ်၊ ဘယ်အချိန်မှာ ထပ်လှုပ်မယ်၊ ပြောနေရင်း ညနေ ၅ နာရီလောက်မှာ ထပ်လှုပ်တော့ လူတွေက ပြေးကြတာပေါ့။
ဘုရားကြီးဘက်မှာ နှစ်ထပ်တိုက်တလုံး ပျက်စီးသွားတယ် ပေါ့ ဗျာ။ အဲဒါကတော့ အမ်အာတီဗီ ၄ တီဗီအစီအစဉ် news bar မှာ ရေးထားတယ် ဗျ။ ပုံမှန်အစီအစဉ် အောက်က စာတမ်းထိုး ပေါ့။ အပြင်ဘက် ထွက်နေကြဖို့၊ ကွင်းပြင်မှာ နေကြဖို့၊ ကန့်ဘလူဘက်မှာ တော်တော်လေး ပျက်စီးတယ် ပြောတယ်။ ဘုရားစေတီ နှစ်ဆယ်လောက် ပြိုကျသွားတယ်၊ အဲဒါမျိုးတွေတော့ အများကြီး ရေးထားတယ် ဗျ။
မန္တလေးမှာ သွားရေးလာရေး ခက်ခဲသွားတာ အဲဒါမျိုးတော့ မဖြစ်ဘူး။ လူတွေက လန့်နေကြတာ ပေါ့၊ အဓိက ကတော့။ ကျွန်တော်တို့ဆိုင် အရောင်းအ၀ယ်ဆို နည်းနည်းလေး အေး သွားတယ် ပေါ့။ ညကို အောက်ထပ် ဆင်း အိပ်ကြမယ်လို့ ပြောကြတယ်။“ လို့ မြန်မာပြည်အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့တဲ့ ရွှေဘိုငလျင်အကြောင်း ပြောပြသူကတော့ မန္တလေးမြို့လယ်က ဆေးဆိုင်ပိုင်ရှင်တဦး ဖြစ်ပါတယ်။
အမေရိကန် ဘူမိဗေဒ သုတေသနဌာန တိုင်းထွာချက်များအရ ၂၀၁၂၊ နိုဝင်ဘာ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီ ၄၂ မိနစ်တွင် မြန်မာပြည်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နဲ့ မြောက်၊ အရှေ့မြောက်ဘက် ၃၂ မိုင်၊ မိုးကုတ်မြို့အနောက်ဘက် မိုင် ၄၀၊ မန္တလေးမြို့ရဲ့ မြောက်ဘက် ၇၂ မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား ၆.၈ ရှိ ငလျင် လှုပ်ခတ်သွားကြောင်း သိရပါတယ်။
ထိုငလျင်ကြောင့် ကျောက်မြောင်းမြို့နယ်ခွဲက ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား ပျက်စီးသွားကြောင်း အလဲဗဲန်းသတင်းတွင် ဖော်ပြထားပါတယ်။ မြန်မာပြည်က လာတဲ့ အေပီသတင်းအရ ငလျင်ကြောင့် သေဆုံးသူ ၁၂ ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ရွှေဘိုငလျင် မလှုပ်ခတ်မီ ၈ နာရီခန့်စောပြီး အမေရိကန်ပြည်ထောင်စု၊ ကဲန်တက်ကီပြည်နယ်တွင် ပြင်းအား ၄.၃ ရှိ ငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တောင်မြောက်တန်းလျက်ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် တည်ရှိပါတယ်။ ပုပ္ပားတောင်ဟာ မီးတောင်ဟောင်းတခု ဖြစ်သလို စစ်ကိုင်းတိုင်းအတွင်းရှိ တွင်းတောင်များဟာလည်း မီးတောင်ဟောင်းများ ဖြစ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်စပ်ပြီး ၁၉၃၀ နဲ့ ၁၉၅၆ ခုနှစ်များက ပြင်းအား ၇ ထက်ပိုတဲ့ ငလျင် ခြောက်ခု လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံအတွင်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။
အခု လှုပ်ခတ်တဲ့ ငလျင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက “သမိုင်း အထောက်အထားအရတော့ ကြီးမားတဲ့ ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက် သတိပြုဖို့တော့ လိုတယ်“ လို့ အလဲဗဲန်းသတင်းကို ပြောပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့က ပြင်းအား ၆.၅ ရှိ ငလျင်တခု မြန်မာပြည်အလယ်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့ရာ ပုဂံရှေးဟောင်းဘုရား အတော်များများ ပျက်စီးခဲ့ပါတယ်။
အခု လှုပ်ခတ်တဲ့ ရွှေဘိုငလျင်ဟာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒေသအတော်များများကိုလည်း လှုပ်ခတ်ခဲ့ပါတယ်။ ထို ငလျင်ကြောင့် လူအများ ထိပ်လန့်ခဲ့ကြရပါတယ်။ သို့သော် ကြီးမားတဲ့ ပျက်စီး ဆုံးရှုံးမှုသတင်း မရရှိသေးပါ။
USGS
သတင်း - မြန်မာပြည်တွင် ငလျင် ၂ ခါ လှုပ်၊ ၁၂ ဦး သေဆုံး၊ လူတွေ ကြောက်လန့်နေကြ - Nov 11 2012 10:24 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
