နယူးယောက် ဓါတ်ဆီပြဿနာ ပိုမို ဆိုးရွား၊ အလှည့်ကျ ရောင်းချ နေ

ဓါတ်ဆီဆိုင်တခုမှာ ဓါတ်ဆီ တန်းစီနေကြသူများနဲ့ ကားများကို နိုဝင်ဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရစဉ်

ဟာရီကိန်း စဲန်ဒီ တိုက်ခတ်ပြီးနောက် ဓါတ်ဆီ ပြတ်တောက်မှုကို ကြုံတွေ့နေရတဲ့ နယူးယောက်မြို့တော်ဟာ ဆယ်ရက်ကျော် ကြာတဲ့အထိ ထို ပြဿနာကို မဖြေရှင်းနိုင်ဘဲ ရှိနေခဲ့ရာမှ ၂၀၁၂ နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ ဓါတ်ဆီများကို အလှည့်ကျ ရောင်းချခဲ့ရပါတယ်။

အခု ဓါတ်ဆီ ပြတ်တောက်မှု ပြဿနာဟာ ၁၉၇၀ ကာလ ဓါတ်ဆီပြဿနာနောက်ပိုင်း အဆိုးရွားဆုံး အခက်အခဲတခု ဖြစ်ပါတယ်။ နယူးဂျာစီပြည်နယ်မှာ ကားများကို စုံဂဏန်း၊ မဂဏန်းအလိုက် ခွဲခြားပြီး ဓါတ်ဆီ ဖြန့်ဝေမှုကို လွန်ခဲ့တဲ့အပတ်ကတည်းက စတင်ခဲ့ပြီး ဖြစ်ပါတယ်။ ကားနံပါတ် စုံဂဏန်းနဲ့ ဆုံးတဲ့ ကားများအနေနဲ့ စုံဂဏန်း နေ့ရက်များတွင် ဓါတ်ဆီ ထည့်နိုင်သလို ကားနံပါတ် မဂဏန်းနဲ့ ဆုံးတဲ့ ကားများ၊ အက္ခရာနဲ့ ဆုံးတဲ့ ကားနံပါတ်များအနေနဲ့ မဂဏန်း နေ့ရက်များတွင် ဓါတ်ဆီ ထည့်နိုင်ပါတယ်။

ဓါတ်ဆီ ပြဿနာနဲ့ ပတ်သက်ပြီး အစောပိုင်းက ဓါတ်ဆီဆိုင်များ မဖွင့်လှစ်နိုင်မှုကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပေမယ့် နောက်ပိုင်းသတင်းများအရ မုန်တိုင်းကြောင့် ဓါတ်ဆီ ဖြန့်ဝေတဲ့စနစ် ပျက်စီးမှုကြောင့် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ နယူးယောက်ဓါတ်ဆီဆိုင်များရဲ့ ၇၀ ရာခိုင်နှုန်းကျော် ပြန်လည် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် မိုက်ကယ်လ် ဘလွန်းဘတ်က နိုဝင်ဘာ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။

နယူးယောက်က ဓါတ်ဆီပြဿနာ ဒုက္ခနဲ့ ပတ်သက်ပြီး နယူးယောက်မြို့၊ ကွင်းစ်အရပ်နေ ဦးမြစိုးကို ယနေ့မြန်မာက ဆက်သွယ် မေးမြန်းခဲ့ရာ “ပထမတခေါက်က ညဘက်မှာ အိမ်ပြန်လာရင်း ဓါတ်ဆီတန်းစီတာ တွေ့တာနဲ့ ၀င်ပြီးတော့ တန်းစီလိုက်တာ တနာရီကျော်လောက် ကြာတယ်။ စောင့်ပြီးတော့ ရှေ့မှာ ကားငါးစီးပဲ ကျန်တော့တယ်။ ကားငါးစီးပဲ ကျန်တော့တဲ့အချိန်မှာ ဆီကုန်သွားပြီဆိုတော့ အတော် စိတ်ဓါတ်ကျသွားတယ်။ အဲဒါနဲ့ အိမ်ပြန်လာတာပေါ့ နော်။

နောက်ရက်ကျတော့ ကလေးကို ကျောင်းပို့တယ်။ ကျောင်းပို့ပြီးတော့ ဓါတ်ဆီက ၁၆ မိုင်ပဲ မောင်းလို့ ရတော့တယ်။ အဲဒါနဲ့ အိမ်နားမှာရှိတဲ့ ဓါတ်ဆီဆိုင်တွေကို လိုက်ရှာတာ။ ဓါတ်ဆီဆိုင်တဆိုင်က ဖလက်ရှင် (Flashing) မှာ ရှိတဲ့ ဘီပီကုမ္ပဏီ ဓါတ်ဆီဆိုင်မှာ ဆီရတယ်ဆိုလို့ ချက်ခြင်း လိုက်သွားတာ။ အဲဒါနဲ့ ဟိုမှာ တန်းစီနေရင်း ဒီတခါကျ တနာရီကျော်တယ်။ တန်းစီနေရင်းနဲ့ မရတော့ဘူးဆိုတာနဲ့ အိမ်ပြန်လာရတယ်။ အဲဒါ ဒုတိယတခါ။

ကားထဲမှာ ဆီ မရှိတော့ဘူးဆိုတော့ ကားနဲ့ ဓါတ်ဆီ လိုက် မရှာရဲတော့ဘူး ပေါ့နော်။ စက်ဘီးနဲ့ အိမ်နားက ဓါတ်ဆီဆိုင် တော်တော်များတယ်။ ဓါတ်ဆီဆိုင် ၇ ဆိုင် ၈ ဆိုင်လောက် ရှိတယ်။ အဲဒီနေ့က ရာသီဥတုကလည်း အရမ်းအေးတာ။ စက်ဘီး စီးပြီး ဓါတ်ဆီလိုက်ရှာတာ၊ တဆိုင်မှ မရဘူး။ စိတ်ပျက်ပြီးတော့ ပြန်လာရတယ်။ အဲဒီ ညမှာပဲ သူငယ်ချင်းတယောက် မြန်မာပြည် ပြန်မှာ လူကြုံပစ္စည်းပေးဖို့ အိမ်က ထွက်ဖို့ လုပ်တော့ ည ၇ နာရီလောက် ရှိပြီ။ အိမ်ကအထွက် အိမ်နီးနားချင်းက မင်း မှာ ဓါတ်ဆီ ရှိလား လို့ မေးတော့ မောင်းဖို့ သိတ် မကျန်တော့ဘူးပေါ့ လို့ ပြောလိုက်တော့ အခု အိမ်အပြန်လမ်း ဓါတ်ဆီဆိုင်တခုမှာ ဓါတ်ဆီရောင်းနေတာ တွေ့တယ်၊ သူက ပင်ပန်းလို့ တန်းမစီတော့ဘူး။ မင်း သွား တန်းစီချင် စီ ဆိုတော့ အဲဒီမှာ တန်းသွားစီတာ တနာရီကျော်ကြာတယ် ထင်တယ်။ အဲဒီတခေါက်က ရတယ်။ တော်တော်လေး ၀မ်းသာသွားတာပေါ့ နော်။

နောက်ပိုင်း သူငယ်ချင်းတွေက စုံဂဏန်း၊ မဂဏန်းခွဲပြီး ဓါတ်ဆီခွဲတမ်းနဲ့ ထည့်ရတယ် ပြောတယ်။ စဲန်ဒီမုန်တိုင်းနောက်ပိုင်း Long Island တို့ Staten Island တို့က ဓါတ်ဆီဆိုင်တွေ လျှပ်စစ်မီး မရှိတော့ အဲဒီက ကားတွေ ကျွန်တော်တို့ဧရိယာဘက်ကို ဓါတ်ဆီလာထည့်ကြတော့ ကားတွေ ကြပ်ကုန်တာ။ တချို့ကလည်း ဆီ မပို့နိုင်တာကြောင့်လို့ ပြောတယ်။ တော်တော်တော့ အခက်အခဲ ရှိတယ်။ နောက်တပတ်လောက်ကျရင်တော့ ပြန်ကောင်းမယ် ထင်တာပါပဲ။ နယူးယောက်မှာနေတာ ၂၂ နှစ် ရှိပြီ။ ဒါ ပထမဆုံးအကြိမ် ပဲ။ အရင်တခါ မီးပျက်တာတောင် ဒါမျိုး မဖြစ်ဖူးဘူး။ ဒါ ပထမဆုံး အတွေ့အကြုံပဲ။“ လို့ ပြောပြပါတယ်။

နယူးယောက်ပြည်နယ်အနေနဲ့ ဟာရီကိန်း စဲန်ဒီကြောင့် အမေရိကန်ဒေါ်လာ ၃၃ ဘီလျံ ဆုံးရှုံးကြောင်း နယူးယောက်ပြည်နယ် အကြီးအကဲ အင်ဒရူး ကိုမိုက လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ပြောကြားခဲ့ပါတယ်။ အခုအခါ မုန်တိုင်းကြောင့် အခြေအနေမဲ့ ဖြစ်သွားသူများကို ယာယီအိမ်များနဲ့ နေနိုင်အောင် စီစဉ်နေကြသလို ဒုက္ခသည်များအတွက် အဆင်အောင်၊ နယူးယောက် လမ်းပန်း ဆက်သွယ်မှု ပုံမှန် ဖြစ်အောင် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်နေခိုက် ဓါတ်ဆီပြတ်တောက်မှု ပြဿနာနဲ့ ကြုံတွေ့နေကြရခြင်း ဖြစ်ပါတယ်။
သတင်း - နယူးယောက် ဓါတ်ဆီပြဿနာ ပိုမို ဆိုးရွား၊ အလှည့်ကျ ရောင်းချ နေ မြင့်လှိုင် - Nov 10 2012 08:07 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005