ရခိုင်ပဋိပက္ခနဲ့ စပ်လျဉ်းပြီး သမ္မတရုံးက သတင်း ထုတ်ပြန်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံးက ၂၀၁၂ အောက်တိုဘာ ၂၅ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက် ထုတ်ပြန်လိုက်ပါတယ်။ ထို သတင်းထုတ်ပြန်ချက် ၁/၂၀၁၂ တွင် လတ်တလော ဖြစ်ပေါ်လာတဲ့ ဆူပူအကြမ်းဖက်မှုများကြောင့် ၂၀၁၂၊ အောက်တိုဘာ ၂၄ ရက်နေ့အထိ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာ ရရှိသူ ၅၀ ဦး ရှိပြီး လူနေအိမ် (၁,၉၄၈) အိမ်၊ ဘာသာရေး အဆောက်အဦ ၈ ခု မီးလောင် ဆုံးရှုံးကာ လူ အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ မေလနဲ့ ဇွန်လများအတွင်း အကြမ်းဖက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ ၁၄ ရက်နေ့အထိ သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာ ရရှိသူ ၅၄ ဦး ရှိခဲ့ပြီး လူနေအိမ် ၂,၂၃၀ အိမ်၊ ဘာသာရေး အဆောက်အဦ ၁၄ ခု မီးလောင် ဆုံးရှုံးခဲ့ပါတယ်။ ထို ဖြစ်ရပ်ကြောင့် ဒေသခံပြည်သူ ၆၁,၄၆၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အရေး ဆောင်ရွက်နေမှုများနဲ့ ပတ်သက်ပြီး မြန်မာသမ္မတ ဦးသိန်းစိန်က “လူတွေလည်း ခုနကလို ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ထိုင်တတ် ရမယ်ဆိုတဲ့ ဒီ အတွေးအခေါ်တွေ အလေ့အကျင့်တွေ ရအောင် ဒါတွေ ကျွန်တော်တို့ လုပ်ပေးသွားမှပဲ ဒီ လူ့အဖွဲ့အစည်း နှစ်ရပ်က အတူတကွနဲ့ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ မနေလို့လည်း မရပါဘူး။ မနေလို့လည်း မရပါဘူး။ အဲဒီတော့ နေနိုင်တဲ့ နည်းလမ်းတွေတော့ ကျွန်တော်တို့လည်း အများကြီး ရှာကြံနေပါတယ်။ အခု ဆိုလို့ရှိရင် ကျွန်တော်တို့ ဒါ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကြား အဖွဲ့အစည်းတစ်ခုအနေနဲ့ အားလုံး (၂၇) ယောက်ပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်လိုက်ပါပြီ။ လွှတ်လိုက်ပြီးတော့ သွားပြီးတော့ စုံစမ်းစစ်ဆေး နေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက်နေပုံ ရပါတယ်။ ဒီကနေ့ထိတော့ ကျွန်တော့်ကို သူတို့ ဘာမှ အကြံပေးတာတွေ ဘာတွေတော့ သူတို့ မလုပ်နိုင်သေးပါဘူး။ အဲဒီတော့ သူတို့ရဲ့ အကြံပေးချက်တွေပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။“ လို့ အောက်တိုဘာ ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။
လက်ရှိ မတည်ငြိမ်မှုများနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံး အရာရှိ ဦးဋ္ဌေးဇော်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာတွင် ၂၀၁၂ အောက်တိုဘာ ၂၄ ရက်နေ့က
“၁။ ကျောက်ဖြူမြို့ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂါလီအမျိုးသမီးများက ရခိုင်တိုင်းရင်းသားနေအိမ်များသို့ မီးကွင်းများဖြင့် ပစ်ခတ်ရာမှ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့ပြီး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ညနေပိုင်းတွင် ပဋိပက္ခ ဆက်လက် ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘင်္ဂါလီအချို့သည် လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူများ မရှိ၊ ဒဏ်ရာ ရရှိသူ (၁၀) ဦးခန့် ရှိကြောင်း သိရှိရသည်။
၂။ ယနေ့နံနက်ပိုင်း မြောက်ဦးတွင် မင်းပြားနှင့် မြောက်ဦးမှ သံဃာများ အပါအဝင် လူပေါင်း (၄) သောင်းခန့် စုစည်း၍ ဘင်္ဂါလီများကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော်လည်း ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့များ၊ ဆရာတော်သံဃာများ၊ ရတညပါတီ၊ မြို့မိမြို့ဖများ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် ပြန်လည် အေးချမ်းသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
၃။ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်မသက်မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရန်အတွက် ၂၂၊ ၁၀၊ ၂၀၁၂ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ယနေ့ ဖြစ်ပွားလာသော အခြေအနေများအရ ထိရောက်မှု နည်းပါးနေသဖြင့် ပဋိပက္ခများ အဓိက ဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် "လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ယနေ့ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း" အသိပေးအပ်ပါသည်။“ လို့ ရေးသားထားပါတယ်။
မြန်မာသမ္မတရဲ့ အောက်တိုဘာ ၂၅ ရက်နေ့ ကြေငြာချက်တွင် တကျော့ပြန် ဖြစ်ပွားလာတဲ့ ဆူပူ အကြမ်းဖက်မှုများဟာ နိုင်ငံတော်၊ နိုင်ငံသားတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ထိခိုက် နစ်နာစေနိုင်တဲ့အတွက် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုနဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ရခိုင်ပဋိပက္ခနောက်ကွယ်တွင် ကြိုးကိုင် လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ရှိနေကြောင်း သိရတဲ့အတွက် ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
သတင်း - ရခိုင်ပဋိပက္ခ သမ္မတရုံး သတင်း ထုတ်ပြန် - Oct 25 2012 11:10 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
