သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကိစ္စအတွက် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း
http://www.president-office.gov.mm
ရခိုင်ပြည်နယ်တွင် ၂၀၁၂ မေလနဲ့ ဇွန်လအတွင်း ဖြစ်ပျက်ခဲ့တဲ့ လူစုလူဝေးနဲ့ ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများနဲ့ စပ်လျဉ်းပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းရန်နဲ့ အမျိုးသား အကျိုးစီးပွား တိုးတက်ရေး အကြံပြုရန် သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကြောင်း မြန်မာသမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် ၅၈/၂၀၁၂ နဲ့ ၂၀၁၂ သြဂုတ် ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ထို ကော်မရှင်တွင် ဒေါက်တာမျိုးမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒေါက်တာ ကျော်ရင်လှိုင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကာ အဖွဲ့ဝင် ၂၅ ဦး ပါဝင်ပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ ၁၉၆၂ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာအာဏာပိုင်များ ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်များအနက် အထူးခြားဆုံး အဖွဲ့ဖြစ်ပါတယ်။ ထို ကော်မရှင်တွင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်၊ စာပေ အနုပညာရှင်များ၊ နိုင်ငံရေးသမားများ၊ ပညာရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ အတတ်ပညာရှင်များ၊ ဟိန္ဒူနဲ့ မူဆလင် ဘာသာရေးအဖွဲ့ခေါင်းဆောင်များ ပါဝင်ပါတယ်။
ကော်မရှင် အဖွဲ့ဝင်များကတော့ သိက္ခာတော်ဆရာတော် ဦးကျော်ညွန့် (ဂျက်ဆင်ဘုရားကျောင်း၊ ရန်ကုန်) ၊ သိက္ခာတော်ဆရာတော် ဦးစောမာဂေကြီး (အတွင်းရေးမှူး၊ မြန်မာ ဘက်(ပ်) တစ်(စ်) ကွန်ဗင်းရှင်း) ၊ ဦးသိန်းထွန်း (စီးပွားရေး လုပ်ငန်းရှင်) ၊ ဦးစိုးသိန်း (ခ) မောင်ဝံသ (စာရေးဆရာ) ၊ ဦးသူရ (ခ) ဇာဂနာ (အနုပညာရှင်) ၊ ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်) ၊ ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီ (မြန်မာ)) ၊ ဦးခင်မောင်ဆွေ (အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ) ၊ ဒေါက်တာအေးမောင် (ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ) ၊ ဦးအေးသာအောင် (ဥက္ကဋ္ဌ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်) ၊ ဦးကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့) ၊ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ် (ယူနီဆက်ဖ် အကြီးတန်းအရာရှိ (အငြိမ်းစား)) ၊ ဒေါက်တာ ဆလိုင်း မူးကျုံးလျံ (နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ) ၊ ဦးတင်အောင်မိုး (သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်) ၊ ဦးအောင်နိုင်ဦး (အမှုဆောင် အဖွဲ့ဝင်၊ ဗဟု ဖွံ့ဖြိုးရေး အဖွဲ့) ၊ ဒေါ်ဝါ၀ါထွန်း (ဥက္ကဋ္ဌ၊ မြန်မာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း) ၊ ဒေါ်ဂျာနန် (အမှုဆောင် ညွှန်ကြားရေးမှူး၊ ငြိမ်း ဖောင်ဒေးရှင်း) ၊ ဦးထွန်းအောင်ချိန် (မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်) ၊ ဟာဂျီ ဦးညွန့်မောင်သျှိန် (ဥက္ကဋ္ဌ၊ အစ္စလာမ် ဘာသာရေးရောကောင်စီ ဌာနချုပ်) ၊ ဟာဂျီ ဦးတင်မောင်သန်း (အတွင်းရေးမှူး၊ အစ္စလာမ် ဘာသာရေးရာကောင်စီ ဌာနချုပ်) ၊ ဟာဂျီ ဦးလှဝင်း (ဥက္ကဋ္ဌ၊ မြန်မာ မူဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မအဖ) ဌာနချုပ်)၊ ဦးကျော်ခင် (အထွေထွေအတွင်းရေးမှူး၊ မြန်မာ မူဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ်) ၊ ဟာဂျီ ဦးမြင့်ထွန်း (ဥက္ကဋ္ဌ၊ မြန်မာ မူဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ မ - မ - လ ဌာနချုပ်) ၊ ဦးလှဝင်း (အတွင်းရေးမှူး၊ မြန်မာ မူဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ မ - မ - လ ဌာနချုပ်)၊ ဒေါက်တာလှထွန်း (အကျိုးတော်ဆောင်၊ သနန္တရ ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်) တို့ ဖြစ်ကြပါတယ်။
ကော်မရှင် အနေနဲ့ ပဋိပက္ခ ဖြစ်ရတဲ့ အကြောင်းရင်း၊ သေဆုံး ဒဏ်ရာ ရမှု၊ ပျက်စီး ဆုံးရှုံးမှု ထိခိုက်မှု၊ တရားဥပဒေ စိုးမိုးရေး၊ ပြန်လည် ထူထောင်ရေး ဆောင်ရွက်နိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတို ရေရှည် ဆောင်ရွက်သင့်တဲ့ အချက်များ မတူညီတဲ့ လူမျိုးစုကြား ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်တဲ့ နည်းလမ်း၊ ဥပဒေ စိုးမိုးရေး၊ စီးပွားရေး၊ လူမှု ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကြံပြုချက်များ စသည်ဖြင့် စုံစမ်း စစ်ဆေးရန်နဲ့ သုံးသပ်ချက်၊ အကြံပြုချက်များ တင်ပြရန် ဖြစ်ပါတယ်။
ကော်မရှင်ရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး လိုအပ်ချက်များကို သမ္မတရုံးနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီမံ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ၊ သက်သေခံဥပဒေနဲ့အညီ စုံစမ်းနိုင်ပြီး သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခံခြင်း၊ လိုအပ်တဲ့နေရာကို သွားရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခွင့်ရှိပြီး စုံစမ်း စစ်ဆေးမှု အစီရင်ခံစာကို သမ္မတထံ ၂၀၁၂ စက်တင်ဘာ ၁၇ ရက်နေ့အရောက် တိုက်ရိုက် အစီရင်ခံ တင်ပြရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
ကိုးကား - မြန်မာနိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာ
သတင်း - သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် ကိစ္စ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း - Aug 17 2012 01:54 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
