ဆုငွေ ၆၈ သိန်းကျော် ချီးမြှင့်တဲ့ ရွှေအမြုတေ စာပေဆုပေးပွဲ

၂၀၁၂ မေ ၂၈ ရက်နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ် ၇၀၆ စာမျက်နှာ ၁၉ မှ

သတ္တမအကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို ၂၀၁၂ မေလ ၂၆ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပခဲ့ကာ စာပေဆု ခြောက်ဆု (ဆုငွေ ကျပ် ၆၈ သိန်းကျော်) ချီးမြှင့်ခဲ့ပါတယ်။

ရွှေအမြုတေ စာပေဆု ချီးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ရွှေအမြုတေ မဂ္ဂဇင်း စာတည်းချုပ် ဦးဝင်းငြိမ်းက “ကျွန်တော်တို့ဆီမှာက နိုင်ငံတော်က ပေးတဲ့ အမျိုးသား စာပေဆု၊ စာပေဗိမာန်ဆု ရှိတယ်။ ပုဂ္ဂလိက က ပေးတဲ့ ပခုက္ကူ ဦးအုန်းဖေ စာပေဆု၊ ထွန်း ဖောင်ဒေးရှင်း စာပေဆု၊ ဆရာဝန်တင်ရွှေ စာပေဆု၊ သုတစွယ်စုံ စာပေဆုတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ ဆု ခြောက်ဆုစလုံးက လုံးချင်းတွေကိုပဲ ပေးတယ်။ မဂ္ဂဇင်းမှာပါတဲ့ စာမူကိုပေးတာ လုံးဝ မဟုတ်ဘူး။ လုံးချင်းတွေက စာပေဆုအတွက် ၀င်ပြီး ပြိုင်ရတယ်။ ကိုယ့်စာအုပ်ကို ပို့ပေးရတယ်။ ဒီမှာ မဂ္ဂဇင်းမှာ ပါတဲ့ စာပေတွေအတွက် လစ်ဟာနေတယ် ပေါ့ ဗျာ။ အဲဒီအချက်ကို ဖြည့်ချင်လို့ ကျွန်တော်က ရွှေအမြုတေ စာပေဆုကို ၂၀၀၆ ခုနှစ်မှာ စပြီး လုပ်ခဲ့တယ်။ အဲဒီနှစ်က ကျွန်တော့် အသက် ၆၀ ပြည့်နှစ် ပေါ့။ ဒီနှစ်လုပ်မယ့်ပွဲက ကျွန်တော် ၆၆ နှစ်ပြည့်၊ ၇ ကြိမ်မြောက် လုပ်ဖြစ်တာပါ၊“ လို့ ယနေ့မြန်မာကို ပြောပြပါတယ်။

သတ္တမအကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲတွင် ရွှေအမြုတေ စာပေဆု (ကဗျာ) ကို ၂၀၁၂ ဖေဖော်ဝါရီလထုတ် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတွင် ဖော်ပြခဲ့တဲ့ ရန်ကုန် ကဗျာ ရေးသားသူ ကဗျာဆရာ မောင်ရေချမ်း ရရှိပြီး မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂ ဥက္ကဋ္ဌ မောင်စိန်းနီက ရွှေကလောင်ဆုနဲ့အတူ ချီးမြှင့်ငွေ ဆယ့်တသိန်း တသောင်းကျပ် ချီးမြှင့်ပါတယ်။

၂၀၁၂ ဖေဖော်ဝါရီလထုတ် ရနံ့သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့တဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားလူမျိုးအရေးနှင့် ဒီမိုကရေစီ ပြဿနာများ ဆောင်းပါးရေးသူ စာရေးဆရာ အောင်မြင့်ဦး (မဟာဝိဇ္ဖာ) က ရွှေအမြုတေ စာပေဆု (ဆောင်းပါး) ရရှိပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ နာယက စာရေးဆရာ မောင်ဝံသ က ရွှေကလောင်ဆုနဲ့အတူ ချီးမြှင့်ငွေ ဆယ့်တသိန်း တသောင်းကျပ် ပေးအပ်ခဲ့ပါတယ်။

ရွှေအမြုတေ စာပေဆု (ရသစာတမ်း) ကိုတော့ စာရေးဆရာမ ဝေ (စီးပွားရေးတက္ကသိုလ်) ရေးသားပြီး ၂၀၁၂ ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်းတွင် ဖော်ပြခဲ့တဲ့ ဆူးဖယ်လက် ရသစာတမ်းက ရရှိပြီး ရွှေကလောင်ဆုနဲ့ ချီးမြှင့်ငွေ ဆယ်သိန်းတသောင်း ကို စာရေးဆရာ လင်းကိုတင်က ချီးမြှင့်ပါတယ်။

စာရေးဆရာမ နုနုရည် (အင်းဝ) ချီးမြှင့်တဲ့ ရွှေအမြုတေ စာပေဆု (၀တ္ထုတို) ကို ၂၀၁၂ ဖေဖော်ဝါရီလထုတ် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းတွင် ဖော်ပြခဲ့တဲ့ အပြန်လမ်း ဘယ်မှာ လမ်း ဘယ်မှာ ၀တ္ထုတို ရေးသားတဲ့ စာရေးဆရာမ စပယ်ဖြူနု က ရရှိကာ ရွှေကလောင်ဆုနဲ့ ချီးမြှင့်ငွေ ဆယ့်သုံးသိန်း ရှစ်သောင်း ပေးအပ်ခဲ့ပါတယ်။

ရွှေအမြုတေ စာပေဆု (၀တ္ထုရှည်) အတွက် ရွှေကလောင်ဆုနဲ့ ချီးမြှင့်ငွေ ဆယ့်သုံးသိန်းခြောက်သောင်း ကို စာရေးဆရာမ မစန္ဒာ က ပေးအပ် ချီးမြှင့်ပြီး ၂၀၁၂ မတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့တဲ့ ဒိုက်ငြိ လှေကလေးများ ၀တ္ထုရှည် ရေးသားသူ စာရေးဆရာနိုင်မြင့် ရရှိပါတယ်။

ရွှေအမြုတေ စာပေဆု (မျိုးဆက်သစ်) ကို ရွှေအမြုတေ စာပေဆု တည်ထောင်သူ၊ ရွှေအမြုတေ စာတည်းချုပ် ဦးဝင်းငြိမ်းကိုယ်တိုင် စာရေးဆရာ အောင်ဖြိုးကျော် (ပခုက္ကူ) ကို ချီးမြင့်ခဲ့ပါတယ်။ စာရေးဆရာ အောင်ဖြိုးကျော် (ပခုက္ကူ) ဟာ ၂၀၁၂ မေလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့တဲ့ တိမ်ပုပ်မိုးရဲ့ မျက်ရည်စိမ်း ၀တ္ထုတိုနဲ့ ရရှိတာ ဖြစ်ကာ ရွှေကလောင်ဆုနဲ့ ဆု ချီးမြှင့်ငွေ ဆယ့်တသိန်း ခြောက်သောင်းကျပ် လက်ခံ ရရှိခဲ့ပါတယ်။

နှစ်တနှစ်ရဲ့ ဇွန်လမှ နောင်နှစ် မေလအတွင်း မြန်မာနိုင်ငံ၌ ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းများတွင် ဖော်ပြခဲ့တဲ့ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ရသစာတမ်း၊ ဆောင်းပါး၊ ကဗျာနဲ့ မျိုးဆက်သစ် ကလောင်များရဲ့ ၀တ္ထုတိုများထဲမှ ရွေးချယ်ကာ ရွှေအမြုတေစာပေဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့တွင် ဦးဝင်းငြိမ်းနဲ့အတူ စာရေးဆရာ ကြည်နိုင်၊ တင့်ခိုင်၊ ထက်မြက်၊ ကြူကြူသင်း၊ မန္ဒာနဲ့ မျိုးမြင့်ညိမ်းတို့ ပါဝင်ပါတယ်။

ဆု ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဦးဝင်းငြိမ်းက “ကျွန်တော်တို့က ကျွန်တော်တယောက်ထဲသဘောနဲ့ မဟုတ်ဘဲနဲ့ ဆု ရွေးချယ်ရေးအဖွဲ့ဆိုပြီး ကော်မတီလေး ဖွဲ့ထားတယ်။ စာရေးဆရာ၊ စာပေဝေဖန်ရေးဆရာ၊ ဆောင်းပါးရှင်တွေပါတဲ့ အဖွဲ့ကလေး ဖွဲ့ထားတယ်။ မနှစ်က၊ ၆ ကြိမ်မြောက် ချီးမြှင့်တဲ့ ပွဲကျတော့ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က တရားဝင်ဖြစ်အောင်ဆိုပြီးတော့၊ အရင်နှစ်တွေက အသိအမှတ်မပြုဘူးပေါ့ ဗျာ။ ၀န်ကြီးနဲ့စကားပြောရင် ကျွန်တော့်ဆီ လှည့်မပြောဘူး ပေါ့။ အသိအမှတ်ပြုသွားအောင်ဆိုပြီးတော့ စာပေနဲ့ စာနယ်ဇင်းကနေပြီးတော့ သူတို့ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က အမှုဆောင်အဖွဲ့ဝင် နှစ်ယောက် ထည့်တယ်။ အဲဒါ မစန္ဒာနဲ့ ကြူကြူသင်း၊ အဲဒီနှစ်ယောက်ကို အဖွဲ့ထဲမှာ ထည့်ပါဆိုလို့ မဖြစ်မနေ ထည့်ခိုင်းလို့ လက်ခံလိုက်တယ်။ အခု အဲဒီနှစ်ယောက် ပါ ပါတယ်၊“ လို့ ယနေ့မြန်မာကို ပြောပါတယ်။

ရွှေအမြုတေ စာပေဆုကို ရသစာပေ ဖွံ့ဖြိုးရန် ရည်ရွယ် ပေးအပ်တာ ဖြစ်ပါတယ်။ ယခုနှစ် ကျင်းပတဲ့ သတ္တမအကြိမ်မြောက် ဆုပေးပွဲတွင် ဆု ခြောက်မျိုးအတွက် ဆုကြေးငွေ ၆၈ သိန်းကျော် ပေးအပ်ခဲ့ပါတယ်။ ဆုပေးပွဲကို အကအလှ၊ တေးဂီတ ဖျော်ဖြေမှုများနဲ့အတူ ကျင်းပခဲ့ပြီး ရွှေကလောင်ဆုတံဆိပ်ဒီဇိုင်းကို ဦးဆန်နီညိမ်းက ထုတ်လုပ်ပြီး စင်မြင့်အပြင်အဆင်ကို ပန်းချီ မြင့်မောင်ကျော်က ပုံဖော် တည်ဆောက်ပါတယ်။ အခမ်းအနား တက်ရောက်သူများကို ဦးဝင်းငြိမ်းက ညစာဖြင့် တည်ခင်း ဧည့်ခံကာ IBTC က Grand Royal အမှတ်တံဆိပ် အဖျော်မကာများနဲ့ တည်ခင်း ဧည့်ခံပါတယ်။

ရွှေအမြုတေ စာပေဆုရဲ့ ရသစာပေ ဖွံဖြိုးရေးအပေါ် အကျိုးသက်ရောက်မှု အလားအလာများနဲ့ ပတ်သက်ပြီး ဦးဝင်းငြိမ်းကို မေးမြန်းရာမှာတော့ “အဓိကကတော့ ဒီဘက်မှာ ရသစာပေက အတော်လေး မှေးမှန်လာပြီပေါ့ နော်။ သုတက လွှမ်းပြီး ရသက မှေးမှိန်လာပြီ။ သတင်းခေတ်ဖြစ်တဲ့ သတင်းကို ပို ဦးစားပေးလာကြပြီး လူငယ်တွေအနေနဲ့လည်း လို တို ရှင်းဖြစ်တဲ့ သတင်းကို ဖတ်လာကြတယ်။ သုတကို ဖတ်တယ်။ ရသကို သိတ် မဖတ်ကြတော့ဘူး။ ရသ မှေးမှိန်လာတဲ့အတွက် ကျွန်တော် ရသစာပေ ပြန်ပြီး အရှိန်ရလာဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော် လုပ်ခဲ့တာ။ လုပ်ခဲ့တာ အတိုင်းအတာတခုအထိ အောင်မြင်ပြီလို့ ပြောလို့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အရုပ်ကို အသားပေးထည့်တဲ့ မဂ္ဂဇင်းတွေတောင်မှ ၀တ္ထုတို နှစ်ပုဒ် စ၊ သုံးပုဒ် စ ဖော်ပြလာကြပြီး ရသစာတမ်း လို့ ခေါ်တဲ့ အက်ဆေးဆိုရင်လည်း ကျွန်တော်တို့ တော်တော်များများ ဖော်ပြလာကြပြီ။ အဲဒီတော့ ရွှေအမြုတေ စာပေဆုဟာ ရသစာပေသမိုင်းမှာ အတိုင်းအတာတခုအထိ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။

ဝတ္ထုတိုတွေကို အခု တော်တော်များများ လေ့လာကြပြီ။ မဂ္ဂဇင်းတွေကလည်း နေရာပေးလာကြပြီပေါ့ နော်။ ဒါပေမယ့် ကျွန်တော်ထင်တယ်။ အရင်တုန်းက ဖြစ်ခဲ့ဘူးတဲ့ ၀တ္ထုတို ရွှေခေတ်ဆိုတာမျိုးတော့ ရောက်ကောင်းမှ ရောက်နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မဂ္ဂဇင်းတအုပ်က ပေးနိုင်မယ့်နေရာ၊ စာရေးဆရာတွေက ရေးနိုင်တဲ့အင်အားက မမျှဘူး ပေါ့။ ပေးနိုင်တဲ့နေရာထက် ရေးနိုင်တဲ့အားက ပိုကောင်းလာပေမယ့် အရင်တုန်းကလို ဖြစ်လာနိုင်မယ်တော့ မထင်တော့ဘူး၊“ လို့ ရှင်းပြပါတယ်။

ကိုးကား

အလင်းတန်းဂျာနယ် အမှတ် ၇၀၆

၂၀၁၂ မေ ၂၈ ရက်နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ် ၇၀၆ စာမျက်နှာ ၁၈ မှ

၂၀၁၂ မေ ၂၈ ရက်နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ် ၇၀၆ စာမျက်နှာ ၁၈ မှ

သတင်း - ဆုငွေ ၆၈ သိန်းကျော် ရွှေအမြုတေ စာပေဆုပေးပွဲ - May 29 2012 09:53 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005