Top Advertisement
အလှအပကို စိတ်မ၀င်စားတဲ့သူ

၂၀၁၂ မတ်လထုတ် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း မှ

အနုပညာရှင် ဖြစ်လာပြီဆိုရင် အနုပညာ အရည်အချင်း ပြည့်ဝ နေရုံမက ပရိသတ် ရှေ့မှောက် ဖျော်ဖြေဖို့ အတွက် အလှအပ၊ ဖက်ရှင်ရေးရာကိုလည်း စိတ်ဝင်စားကြရပါတယ်။ ဒါပေမဲ့ ဒီတပတ် ဖော်ပြမယ့် တေးသံရှင် ရတနာ မိုင်ကတော့ အလှအပကို ဦးစားပေးမှု ရာခိုင်နှုန်း နည်းပါးသူ တဦး ပါ။

ညီမလေး ရတနာမိုင် အများဆုံး လုပ်ဖြစ်တဲ့ အလှအပရေးရာ၊ Skin Care အမျိုးအစားက ဘာဖြစ်မလဲလို့ မေးကြည့်လိုက်တော့ ဆံပင်ပေါင်းတင် ပြုပြင်တာက လွဲရင် တခြားအရာတွေကို သိပ် မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။ ရတနာမိုင်က ငယ်စဉ်ကတည်းက အလှအပကို သိပ် စိတ်မ၀င်စားခဲ့သူဖြစ်ပြီး အနုပညာရှင် ဖြစ်မှသာ အနည်းငယ် လုပ်ဖြစ်တာပါ။ “အရင်ကတော့ တခါတလေ Body Scarb တို့၊ မျက်နှာ ပေါင်းတင်တာမျိုးတို့ လုပ်ဖူးတယ်။ အခုတော့ သိပ် မလုပ်ဖြစ်တော့ဘူး။ ဆံပင်ကိုတော့ ခဏခဏ ပေါင်းတင်တာတို့ ဘာတို့ လုပ်တယ်။ အလှအပကို ဒီလောက်ကြီးတော့ အမြဲလိုလိုတော့ မလုပ်ဖြစ်ဘူး။ ကိုယ်က အနုပညာရှင် ဆိုတော့လေ ခရီးက ပြန်လာရင်၊ ပင်လယ်ကမ်းခြေဘက်က ပြန်လာရင် Skin Care ပြန် လုပ်တယ်။ အဲဒီတော့မှ မျက်နှာတို့ ဘာတို့ကို ပေါင်းတင်ဖြစ်တယ် ပေါ့။ ကြေးချွတ်တာတို့ Body Scarb တို့ကတော့ ကြုံမှပဲ လုပ်ဖြစ်တာ။ တလ၊ တပတ်ဆိုတာမျိုး မသတ်မှတ်ထားဘူး” လို့ ရတနာမိုင်က ဆိုပါတယ်။

ရတနာမိုင်က လက်သည်း၊ ခြေသည်း အလှဆင်တာကိုလည်း အလှ ဓာတ်ပုံ၊ ဗီစီဒီ၊ ဗီဒီယိုတွေ ရိုက်မယ်ဆိုမှသာ လုပ်လေ့ရှိပါတယ်။ “ဒါတောင်မှ သမီးက တခါတလေ ရှိုးပွဲ သွားရင်တောင်မှ ကိုယ့်ဟာကိုယ် အလှပြင်တယ်။ လက်သည်း၊ ခြေသည်း အလှဆင်တယ်” လို့လည်း ပြောပြပါတယ်။ ရတနာ မိုင်က ဆံပင်နဲ့ ပတ်သက်လို့ ပြုပြင်ရတာကို ၀ါသနာ ပါပေမဲ့ ပုံစံမျိုးစုံ ပြောင်းလဲရတာကိုတော့ မနှစ်သက်သူပါ။ “သမီးကလေ ဆံပင် အဖြောင့်နဲ့ပဲ လိုက်ဖက်တယ်လို့ ကိုယ့်ကိုယ်ကို ခံစားရတယ်။ တခါတလေတော့ ကောက်ဖူးတယ်။ ဒါကလည်း အလှဓာတ်ပုံ ရိုက်တုန်းခဏပဲ အလှ ကောက်တာပါ။ အမြဲတမ်း အကောက်ပုံစံကို မကြိုက်ဘူးလေ” လို့လည်း ရတနာမိုင်က ဆိုပါတယ်။

ဆံပင်နဲ့ ပတ်သက်ပြီး ဖြောင့်စင်းနေတဲ့ ပုံစံလေးကို မြင်ရရင် စိတ်ထဲမှာ ကြည်နူးနေတတ်တဲ့ ရတနာမိုင်က ဆံပင်ကိုတော့ အမြဲ ဂရုတစိုက် လုပ်လေ့ရှိသူ ပါ။ ခရီးတွေ အသွားများလို့ အလှပြုပြင်ဆိုင် မရောက်ဖြစ်ခဲ့ရင်လည်း ပေါင်းတင်ပစ္စည်းတွေနဲ့ ကိုယ်တိုင် ဆံပင်ပေါင်းတင်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

အနုပညာရှင် ဖြစ်တဲ့အတွက် သီချင်းတွေလည်း ဆို၊ သရုပ်ဆောင်လည်း လုပ်နေတဲ့သူဖြစ်တဲ့ အတွက် တခါတရံမှာ ဆံပင် ပုံစံကို လိုသလို ပြောင်းလဲရမယ် ဆိုရင်ရောလို့ ဆိုတော့ “သမီးက အနုပညာရှင်ဆိုတော့လည်း တတ်နိုင်သလောက် သဏ္ဌာန်ရုပ်၊ သရုပ်တူအောင် လုပ်ပေး ရမှာပေါ့ လေ။ ဒါပေမဲ့ အခုထိတော့ ဆံပင်ကို လုံးဝ ပြောင်းလဲပစ်ရတဲ့ဟာမျိုးတော့ မကြုံရသေးဘူး။ သမီးက သီချင်းတွေ အဆိုများတော့ ကိုယ့်စိတ်ကြိုက် ဖက်ရှင်နဲ့ ကိုယ့်ဆံပင် အဖြောင့်လေးနဲ့ အဆင်ပြေနေပါတယ်” လို့ ဖြေပါတယ်။ ရတနာမိုင်က လတ်တလောမှာတော့ နယ်ရှိုးတွေ အထွက်များပြီး ဒုတိယ တကိုယ်တော်ခွေ အတွက်လည်း ကြိုးစားနေပါတယ်။

သင်းပပ
(Teen မဂ္ဂဇင်း၊ မတ်လ ၂၀၁၂)
အဆိုတော် - ရတနာ မိုင် - Apr 24 2012 07:19 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005