အတိတ်မှ အရိပ်များ (၈)
Images from the Past - Khin San Ngwe

ခင်စန်းနွယ် - အတိတ်ကအရိပ်များ

မြန်မာပြည်ရဲ့ ကမ်းလွန်ပင်လယ်ပြင်ဟာ မိုးရာသီနဲ့ နွေရာသီမှာ မကြောက်ရပါဘူး။ ဆောင်းရာသီမှာ အနောက်တောင်နဲ့ အရှေ့မြောက် ရာသီလေဟာ တကယ့်ကို ပြင်းထန်ပြီး ကြောက်စရာကောင်းလှပါတယ်။ ရေလမ်းခရီးကို လုံးဝ မထွက်သင့်ပါဘူး။ လမ်းမှာ လေတွေ အရမ်းတိုက်တော့ သင်္ဘောရဲ့ဘေးက အကာတွေကို လိပ်တင်ထားရပါတယ်။ ဒါမှ လေ၀င်လေထွက်ကောင်းပြီး မမှောက်တော့ဘူးလို့ ပြောပြကြပါတယ်။ ကျမ အလွန် ကြောက်မိပါတယ်။ ကုသိုလ်လည်း ရသလား မမေးပါနဲ့။ တချိန်လုံး ဘုရားစာ ရွတ်နေမိတော့တာပါပဲ။ လေပြင်းထန်နေလို့ တည မောင်းတဲ့ခရီးကို နှစ်ည မောင်းရပါတယ်။ ကော့သောင်းမြို့ကြီးကို မနက် ရှစ်နာရီလောက်မှာ ၀င်လာပါတယ်။ ကော့သောင်းသင်္ဘောဆိပ်က ကွေ့ဝင်ရပါတယ်။ မြို့ထဲကို ကျွန်းစုလေးက ကာကွယ်ပေးထားတာ ပါ။ လေဒဏ်မိုးဒဏ်ကို ကာထားသလိုပါ။

ကော့သောင်းလှေဆိပ်ရောက်တော့ လား လား ကြောက်စရာ! သင်္ဘောဆိပ်ခံ တံတားပေါ်မှာ အလောင်းတွေ ပုံထားတာတွေ့ရပါတယ်။ ကျမ မေးကြည့်တော့ ကျမ မစီးဖြစ်တဲ့ အောင်ခိုင်သစ် စက်လှေ မြို့အ၀င်မှာ မှောက်သွားလို့ လူ ခြောက်ဆယ်ကျော် သေဆုံးသွားတယ်လို့ ပြောပါတယ်။ ကျမတို့သင်္ဘော သီရိဇေယျာ (၂) မှာ ပါလာခဲ့တဲ့ ခလေးတွေ၊ မိန်းမတွေ၊ ယောင်္ကျားတွေ အားလုံးနီးပါး ပါသွားရှာပါတယ်။ ကျမလည်း အလောင်းတွေကို ကြည့်ရင်း ဒူးတွေ တုံပြီး ရင်တွေ ခုန်လာလို့ လမ်းလျှောက်လို့ မရတော့ဘဲ ကိုထွန်းထွန်းဦးကို တွဲထားရပါတယ်။ ကျမသာ သင်္ဘော မပြောင်းခဲ့ရင် ကျမလည်း ဒီအပုံထဲမှာ ပါမှာဘဲလို့ တွေးကြောက်နေမိခဲ့ပါတယ်။ ပြီးတော့ ဆက်စဉ်းစားမိတာက ကျမ သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတဲ့ ကုသိုလ်ကံကို နားလည်ခဲ့ရပါတယ်။

ကျမတို့နှစ်ယောက်ကို ကော့သောင်းမြို့မှာနေတဲ့ ကိုအောင်ရွှေက လာကြိုပါတယ်။ ရန်ကုန်ကထွက်လာတဲ့ ဦးဝါယမိန္ဒနဲ့လည်း မိတ်ဆက်ပေးပါတယ်။ ဦးပဉ္ဖင်းက ရန်ကုန်ညောင်တုန်းကျောင်းတိုက်မှာ သီတင်းသုံးတဲ့ စာသင်သား ပါ။ ရန်ကုန်မှာ ဦးခေမာစာရ ၊ ဦးဇာဂရ တို့နဲ့အတူတူတွဲပြီးလည်း လှုပ်ရှားခဲ့တဲ့ ကိုယ်တော် ပါ။ ကျမကို သူက တွေ့တော့ ၀မ်းသာသွားပါတယ်။ သူလည်း ထိုင်းနိုင်ငံဘက်ကို သွားမယ့် အစီအစဉ် ရှိပါတယ်။

ကိုအောင်ရွှေကတော့ ကော့သောင်းရေဆိပ်နားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ တည်းဖို့ နေရာချပေးပါတယ်။ အဲဒီမှာ ဘုရားတည်ဖို့ စီစဉ်နေကြကြောင်းလည်း ပြောပြပါတယ်။ ကျောင်းကတော့ သေးသေးပါပဲ။ နှစ်ကျောင်း ရှိပါတယ်။ တောင်ပေါ်ကျောင်းလို့ ခေါ်ပါတယ်။ ဦးဝါယမိန္ဒလည်း အဲဒီမှာဘဲ တည်းနေပါတယ်။ ကိုအောင်ရွှေကတော့ အဏ္ဏ၀ါရပ်ကွက်မှာ နေထိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဖွဲ့စည်းဖို့ မြို့နယ်ကိုယ်စား သူ လှုပ်ရှားနေကြောင်း ပြောပြပါတယ်။

နောက်နေ့ ပေါ့၊ မှတ်မှတ်ရရ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပါ။ ကော့သောင်းလှေဆိပ် ရေပိုင်နက်အကုန်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ရေပိုင်နက်ရောက်တော့ ရေဂိတ်လက်မှတ် (တာပေါ) တစောင်ကို ဘတ် ၂၀၀ နဲ့ဝယ်ပေးပါတယ်။ ဒီလက်မှတ်ကို ကိုင်ရင်း ဖန်ဖလ ဆိပ်ကမ်းကို ရောက်ခဲ့ပါတယ်။ ဆိုင်တန်းတွေက မျက်စေ့တဆုံးပါ ပဲ။ လှပတဲ့ဆိပ်ကမ်းအပြင် ဂိုဒေါင်တွေ တန်းစီနေတာတွေ့ရတယ်။ ဂိုဒေါင်တွေက မငှက်၊ ကိုတား၊ ချူချိုင်း ဂိုဒေါင်တွေ အများကြီးပါပဲ။ ကိုတားဂိုဒေါင်ကို ခေါ်သွားလို့ လိုက်ကြည့်လိုက်တော့ အဲဒီဂိုဒေါင်က ပေ ၆၀ x ပေ၂၀၀ လောက် ရှိပါတယ်။ ဆန်၊ ပဲ၊ ငြုပ်သီး၊ အာလူး အိတ်တွေကို တွေ့ရပါတယ်။ အထဲဘက် ၀င်ကြည့်တော့ ဂိုဒေါင်ရဲ့ နောက်ဘက်မှာ လူနေတဲ့ တန်းလျား ရှိပါတယ်။ အဲဒီဘက်မှာ ကိုတင်ဦးက ထွက်လာပါတယ်။ ကျမတို့ကို မြင်တော့ ၀မ်းသာအားရနဲ့ ပါပဲ။ စကားတွေ ပြောကြတုန်း ကျမတို့ကို ထားခဲ့ပြီး ကိုအောင်ရွှေ ပြန်သွားပါတယ်။

ကိုတင်ဦးကို ရန်ကုန်က လူကြီးတွေ မှာလိုက်တာတွေ ပြောပြပြီး ကျမက ဦးတင်မောင်ဝင်းနဲ့တွေ့ချင်တာကိုလည်း ပြောပြလိုက်တော့ သူက ဖုန်းဆက်ပေးမယ်လို့ ပြောပါတယ်။ ကျမတို့ကို ဂိုဒေါင်ပိုင်ရှင်သူဋ္ဌေးနဲ့လည်း မိတ်ဆက်ပေးပါတယ်။ သူဋ္ဌေးနံမည်က ကိုတား လို့ ပြောပါတယ်။ မန်နေဂျာကလည်း လာ တွေ့ပါတယ်။ ကျမတို့ကို ကိုတင်ဦးအခန်းနားမှာ နေရာပေးပါတယ်။ ကိုတင်ဦးက အဲဒီမှာ ထမင်းတွေ ဟင်းတွေ ချက်ပြီး ကျမတို့ကို ကျွေးပါတယ်။ သုံးရက် နေပြီးတော့ ကျမကို ဗိုလ်မှူးဖိုးစံ (KNU) က လာ ခေါ်ပါတယ်။ သူက အရင်က ပြည်ချစ်ပါတီက ပါ။ ရနောင်းနဲ့ကီလို ၃၀ ဝေးတဲ့နေရာမှာ နေပါတယ်။ ကီလို ၃၀ မြို့လို့လည်း ခေါ်ပါတယ်။ ကြေးဝါတိုက်လို့ခေါ်တဲ့ ငါးထပ်တိုက်ကြီးကို ရောက်ပါတယ်။ အဲဒီမှာ ဦးတင်မောင်ဝင်း (ခေတ်ပြိုင်) လာတွေ့ပါတယ်။ အဲဒီနယ်မြေမှာနေတဲ့ ဗကအုန်းသွင် လို့ခေါ်တဲ့ ကေအင်ယူ ခေါင်းဆောင်လည်း ပါလာပါတယ်။

အဲဒီမှာ ကျမတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဘဘနုနဲ့ ဗိုလ်မှူးအောင်က ပြောလိုက်တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဘို့ဆိုရင် ကန်ပူးချားနိုင်ငံ (ကမ္ဘောဒီးယား) လို ဒုက္ခသည်စခန်းတွေကနေ တော်လှန်ရေး လုပ်ကြသလို ဒို့တွေလည်း ဒီလိုဘဲ တည်ဆောက်ပြီး အဲဒီစခန်းကနေပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်နိုင်ရန် ပြင်ဆင်ရမယ်လို့ ဘဘနုနဲ့ ဗိုလ်မှူးအောင်တို့ ပြောတာကို ပြောပြပါတယ်။ နောက်ပြီး တဆက်တည်း အဲဒီကိစ္စအတွက် ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောဆီမှာ ထိုင်းနိုင်ငံရဲ့တောင်ပိုင်းက ဘုရင်ကိုးကွယ်တဲ့ နန်းဦးဆရာတော် ပိုင်တဲ့နယ်မြေထဲက ပကျော့ရွာနားမှာ မြေအကျယ်ကြီး ရှိတယ်။ ဒုက္ခသည်စခန်း ဖွင့်ဘို့ တောင်းခိုင်းလိုက်တယ်။ ဟောဒီမှာ စာလည်း ပေးလိုက်တယ် လို့ ကျမက ပြောပြပါတယ်။ စကားတွေပြောကြပြီးတော့ ကြေးဝါတိုက်မှာဘဲ ညအိပ်ကြပါတယ်။ အိပ်တယ် ဆိုတာထက် စကားပြောတာက အချိန် ပို များပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ အရေးအခင်း အခြေအနေတွေ ပါ၊ ဦးတင်မောင်ဝင်းဟာ ဘဘနုနဲ့ ပြည့်ချစ်ပါတီ ဖွဲ့စဉ်ကတည်းက ထိုင်းနိုင်ငံမှာ ရောက်တာကြာနေပြီဖြစ်ပြီး သူက ကေအင်ယူခေါင်းဆောင်ပိုင်းနဲ့လည်း ပြန်လည် ဆွေးနွေးရမှာဆိုတော့ ဒေါင့်စုံကနေ မေးမြန်းတာ ဖြစ်ပါတယ်။

နောက်နေ့မှာ သူ ကြေးဝါတိုက်မှာဘဲ ဆက်လက် နေထိုင်ဖို့ ပြောခဲ့ပေမယ့် ကျမက ကိုတင်ဦးရှိတဲ့ ဖန်ဖလကိုဘဲ ပြန်ခဲ့ပါတယ်။ နောက်ရက်တွေမှာ ကိုအောင်ခိုင်၊ ကိုမြင့်ဦး၊ ကိုမျိုးသန့်၊ လေတပ်က ရဲဘော် ၁၅ ဦးရောက်လာခဲ့တယ်။ သူတို့ဆီက သတင်းစကားလည်း ကြားသိခဲ့ရပါတယ်။ ဘဘဦးနု မျှော်နေတဲ့ အကြောင်းနဲ့ တပ်ကြပ်ကြည်လှိုင် (ရေတပ်)၊ တပ်ကြပ်တင်ကြိုင် (လေတပ်)၊ တပ်ကြပ်ကျော်ဝင်းစိန် (လေထီးတပ် ၁၆) တို့ ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း၊ ဗိုလ်မှူးအောင်အိမ်ရှေ့မှာလို့ ပြောပါတယ်။ ကျမလည်း ကိုဇာနည်အတွက် စိတ် နည်းနည်း ပူမိပါတယ်။

ကျမက လှေဆိပ်နဲ့နီးတော့ လျှောက်ပြီး လေ့လာမိပါတယ်။ ထိုင်းနိုင်ငံက အလွန်ပဲ တိုးတက်လှပါတယ်။ ကျမတို့နိုင်ငံနဲ့တော့ အတော် ကွာခြားနေပါပြီ။ ကျမတို့ နိုင်ငံဘက်အခြမ်းကို မျှော်ကြည့်လိုက်တော့ ခေတ်နောက်ကျနေပြီဆိုတာကို သဲသဲကွဲကွဲ မြင်တွေ့နေရပါတယ်။ ငါး ပုဇွန်လုပ်ငန်း၊ ငါးပိစိမ်းစား၊ ပဲ၊ ငြုပ်၊ ဆန် စတာတွေကို ထိုင်းဘက်က အကုန် ၀ယ်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံတံဆိပ်ကပ်ပြီး နိုင်ငံအတော်များများကို တင်ပို့ပါတယ်။ မလိဝမ်းဘက်ကိုသွားပြီး လေ့လာတော့ ခဲမိုင်း ထုတ်လုပ်နေတာတွေ့ရတယ်။ ကျမတို့နိုင်ငံပိုင် နယ်မြေမှာ ပါ။ ထိုင်းဘက်ကို အနည်းငယ် ကွေ့ဝင်နေပါတယ်။ မြန်မာအစိုးရကို အခွန်ဆောင်ပြီး ထုတ်လုပ်နေတာလို့ သိရတယ်။ သစ်ပင်တွေကို ရေနဲ့မှုတ်ထုတ်ပစ်တာ အားလုံး မြစ်ထဲ မြောပါကုန်တယ်။ နှမြောလို့ မဆုံးပါဘူး ရှင်။

ခဲတပုံးကို ထိုင်းဘတ် (၈,၀၀၀) ရတယ် (ပီနန်းအိုင်) လို့ခေါ်တဲ့ သူဋ္ဌေးကြီးနဲ့ စကားပြောဖြစ်တယ်။ သူက ရန်ကုန်မြို့ အလုံမှာ ၁၀ တန်းအထိ ကျောင်းတက်ဖူးတယ်။ သူတို့နိုင်ငံက အင်္ဂလိပ်စာ မကောင်းလို့ သူ့အဖေက မြန်မာပြည်မှာ ကျောင်းထားတာလို့ ပြောပါတယ်။ သူက “ကျနော်သာ မြိတ်ပင်လယ်ပြင်မှာ စိတ်ကြိုက် ငါးဖမ်းခွင့်ရရင် ဆယ်နှစ်အတွင်း မြန်မာပြည်ကို ၀ယ်နိုင်မယ်။“ လို့ ပြောပါတယ်။ ရနောင်းခရိုင်တခုလုံးဟာ မြန်မာပြည်က သယံဇာတတွေနဲ့ စီးပွားဖြစ်နေကြတာပါ။ အောင်ပါကျွန်းမှာဆိုရင်လည်း ကျွန်းပင်တွေ ခုတ်နေတာ ရက်ရက်စက်စက် ပဲ။ ရနောင်းနဲ့ ဖန်ဖလမှာ အိမ်ကြီးအိမ်ကောင်းတွေကို သစ်ပင်အလုံးလိုက်နဲ့ ဆောက်ထားတာ မြန်မာ့ကျွန်းသစ်တွေ ပါ။ ကျမ နှမြောလိုက်တာ။ ခေတ်ဆိုးခေတ်ပျက်မှာ အရာရှိဆိုးတွေ လာဘ်စားပြီး ကိုယ့်နိုင်ငံပိုင်ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ကိုယ်ကျိုးရှာ နေကြတာပါ။

နည်းပညာကလည်း မွဲတော့ ငါးသေတ္တာငါးကို မြန်မာ့ပင်လယ်ပြင်မှာ ဖမ်းပြီး တကောင်ကို ဆယ်ပြားလောက်နဲ့ ၀ယ်၊ စည်သွပ်ဗူး လုပ်ထားတဲ့ ငါးသေတ္တာကို နှစ်ကျပ်နဲ့ ပြန် ၀ယ်စားနေရတဲ့ ကျမတို့ပြည်သူတွေ အဖြစ်က ရင်နာစရာပါဘဲ။

ဖန်ဖလမှာ ပြည့်တန်ဆာအမျိုးသမီးရုံ ၂၀ ရှိပါတယ်။ ၁၉ ရုံက မြန်မာမိန်းခလေးတွေ ပါ၊ တရုံဘဲ ယိုးဒယားမလေးတွေပါ။ အိမ်ဖော် လုပ်နေရတာလည်း မြန်မာသမီးပျိုတွေ ပါ။ ယောင်္ကျားလေးတွေက ငါးဖမ်းလှေ လိုက်ကြတာ များပါတယ်။ ပြန်လာရင် ငါးဖမ်းခ ပိုက်ဆံရတော့ အဲဒီရုံတွေမှာ ပျော်ပါးကြပြီး အရက်သောက် မူးယစ်ဆေးစွဲနဲ့သံသရာလည်းပြီး မပြန်နိုင်ကြတဲ့ ခလေးတွေ အများကြီးပါဘဲ။ ငွေလိုတော့ လှေ ပြန်လိုက်၊ ပြန် ပျော်ပါးလိုက်နဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းအကြော်ခံနေရတဲ့ ဘ၀တွေ ဘယ်တော့မှ လွတ်ပါ့မလဲလို့ တွေးပြီး စိတ်မောမဆုံးတော့ပါ။

ကျမလည်း ဂိုဒေါင်နဲ့ အခြားနေရာတွေကို လိုက်ကြည့်နေမိပါတယ်။ မြန်မာပြည်သားတွေဟာ ထိုင်းနိုင်ငံရဲ့လွတ်လပ်မှု၊ စီးပွားရှာလို့ အဆင်ပြေမှုတွေကြောင့် ထိုင်းနိုင်ငံမှာ ပျော်နေကြပါပြီ။ ဒီအတိုင်းဆက်သွားနေရင်တော့ မြန်မာပြည်ရဲ့အနာဂတ်ဟာ ရင်လေးစရာ ကောင်းလှပါတော့တယ်။ ဖြစ်ပေါ်လာမယ့် ကာလသားရောဂါ၊ အခုခေတ်ခေါ်နေတဲ့ HIV ဘယ့်လောက် ပြန့်နှံ့နေမယ်ဆိုတာ ကျမတော့ မတွေးရဲအောင်ပါဘဲ။

ဒီဇင်ဘာလထဲရောက်တော့မှာမို့ ကျမလည်း ပြန်လာမယ့် ဦးတင်မောာင်ဝင်းကို မျှော်နေမိပါတယ်။ နောက်ရက်မှာ ကျမနဲ့ ကိုတင်ဦး နှစ်ယောက်ကို တနင်္သာရီတိုင်းထဲမှာရှိတဲ့ မိုးထောင် (ကေအင်ယူ) စခန်းကိုသွားဖို့ ကိုမင်းဟိန်းက လာခေါ်ပါတယ်။ ပဲ့ချိတ်အမြန်ယာဉ်နဲ့ သွားခဲ့ကြတာပါ။ ဗိုလ်မိုက်ကယ်နဲ့ တနာရီခွဲနီးပါှး တွေ့ဆုံခဲ့ကြရပါတယ်။ ကျမတို့လုပ်မယ့်ကိစ္စမှာ သူ အကူအညီပေးမယ့်အကြောင်း တာဝန်ခံပြီး လက်နက်တွေ ပို့ပေးမယ့်အကြောင်း ပြောပါတယ်။ ကျမတို့လည်း ပြန်လာခဲ့ပြီး ရန်ကုန်ပြန်ဘို့ စဉ်းစားနေပါတယ်။

ဒီအချိန်မှာ ခလရ (၁၆) က ကိုခင်မောင်ဋ္ဌေး ရောက်လာပါတယ်။ သူနဲ့အတူ မြန်မာကျောင်းသားတွေ အများကြီးဘဲ ထွက်ပြေးလာကြပါတယ်။ ဂိုဒေါင်သုံးစလုံး ပြည့်လျှံနေပြီးတော့ တခြားနေရာတွေမှာလည်း စုပေါင်း နေထိုင်ကြရပါတယ်။ ပျမ်းမျှ ၆၀၀ ခန့်ရှိပါတယ်။ ကိုခင်မောင်ဌေးဆီက သတင်းတွေ ပြည့်ပြည့်စုံစုံ ကြားရပါတယ်။ ကိုဇာနည်နဲ့ ခုနှစ်ယောက် အဖမ်းခံလိုက်တယ် တဲ့။ ဦးနုတို့အဖွဲ့က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေအဖွဲ့ နံမည်နဲ့ ပါတီထောင်တယ် တဲ့။ ဦးနုတို့အားလုံးကလည်း ကျမတို့အခြေအနေကို သိချင်နေကြတယ် တဲ့။ ကျမလည်း ကိုဇာနည်အတွက် အရမ်း စိတ်ပူနေမိပါတယ်။ ရန်ကုန်မြို့ စံပြရုပ်ရှင်ရုံမှာ ဒေသကွပ်ကဲရေးရုံး ဖွင့်ထားတဲ့ တပ်ကြပ်ကြီး (လေ) ဒေါ်နုနုအေးအတွက်လည်း စိတ်ပူမိတာအမှန်ပါ။

နောက်တပတ်မှာ ဦးတင်မောင်ဝင်း ဘန်ကောက်ကနေ ပြန် ဆင်းလာပါတယ်။ ကျမတို့ ဓာတ်ပုံတွေ ရိုက်ကြတဲ့အပြင် စကားတွေလည်း ပြောဖြစ်ကြပါတယ်။ သူက မဲဆောက်ကို သွားမယ့်အကြောင်း ပြောပြပါတယ်။ ကေအင်ယူနဲ့ တခြားတိုင်းရင်းသားခေါင်းဆောင်တွေကိုပါ သွားရောက် တွေ့ဆုံမယ့်အကြောင်း။ ဒုက္ခသည်စခန်းကိစ္စတွေလည်း သူ စီစဉ်နေတဲ့အကြောင်း ပြည့်စုံအောင် ပြောပြပါတယ်။ နှစ်ရက် နေပြီးတော့ သူ ပြန်သွားပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦိးသန့်ရဲ့သမီး ဒေါ်အေးအေးသန့်ရောက်လာပါတယ်။ ကျောင်းသားတွေ ရောက်နေတယ်ဆိုလို့ လာတွေ့တာပါ။ သူကလည်း တတ်နိုင်တာကို ကူညီမယ့်အကြောင်း၊ အမြဲတမ်း ဆက်သွယ်ဖို့ လာရောက် အားပေးတာပါ။ ဒီနေရာမှာ မနေချင်ရင် လိုက်ခဲ့ဘို့ သူက လာခေါ်တာပါ။ စခန်းတခု တည်ဆောက်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်မည့်သူတွေကို ကူညီမယ်လို့လည်း ပြောပါတယ်။ ကျောင်းသားတွေကို အ၀တ်အထည်တွေနဲ့ သုံးစွဲဖို့ ငွေပေးခဲ့ပါတယ်။

နောက် တလမှာ သူ ပြန်လာပြီး ကျောင်းသား (၃၅၀) အသုတ်ကို ဦးဆောင်ပြီး သေဘောဘိုးစခန်းကို ပို့ဆောင်ပေးခဲ့ပါတယ်။ တချို့ကျောင်းသားတွေကတော့ ဘန်ကောက်ကို ဘတ်စ်ကားနဲ့တက်သွားကြပါတယ်။ ခင်ဥမ္မာ၊ ဇော်ဇော်၊ ညီညီ၊ ကျော်သန်းတို့နဲ့ တခြား NIDF အဖွဲ့ဝင်တွေကော အားလုံး ၂၀၀ နီးပါး ဘန်ကောက်ကို တက်သွားကြတယ်။ မောင်မောင်သိန်း၊ ကိုပုည (နေဇော်နိုင်) နဲ့ တခြား ဗကသကျောင်းသား ၁၄ ယောက် ရောက်လာပြီး ဟော်တယ်တခုမှာ တည်းကြပါတယ်။ ဗကအုန်းသွင် (ကေအင်ယူ) က မောင်မောင်ကျော်ကို လိုက်ရှာနေလို့ မောင်မောင်ကျော်က မဲဆောက်ဘက် ထွက်ပြေးသွားပြီလို့ ပြောတာကြောင့် ကျမက မောင်မောင်ကျော်ဆီ ပေးမယ့်စာကို ခင်ဥမ္မာနဲ့ပေးလိုက်ပါတယ်။

ကျန်တဲ့ မြို့အသီးသီးက ထွက်ပြေးလာတဲ့ ၈၈ အရေးအခင်းက လူတွေနဲ့ ကျောင်းသားတွေက ဒေါ်အေးအေးသန်း လာခေါ်မှာကို စောင့်နေကြရင်း ရနောင်းမှာ ရရာအလုပ်တွေ ၀င် လုပ်နေကြရတယ်။ ဖန်ဖလမှာတော့ မီးသွေးတွေ မြန်မာဖက်ကမ်းမှာ ထုတ်ပြီး ပို့တာကို ခြင်းထဲ ထည့်ပေးရင် တခြင်းကို တဘတ်ရတော့ အဲဒီမှာတင် အလုပ်လုပ်နေကြတာ များပါတယ်။

၁၉၈၈ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မြန်မာစစ်အစိုးရက ကြေငြာတာကတော့ ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့မတိုင်မီ မြန်မာပြည်ကို ပြန်လာရင် ဘာအပြစ်မှ မယူဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ် ဆိုတာပါ ပဲ။ အဲဒီစာရွက်တွေကိုလည်း ဖန်ဖလ၊ ရနောင်း စတဲ့ ထိုင်းနယ်စပ်မှန်သမျှကို မြန်မာစာနဲ့ လိုက် ဝေငှပါတယ်။ ကျမလည်း ယခုလို အချိန်မှာ အတော်ဘဲဆိုပြီး ကိုတင်ဦး၊ ကိုတင်မောင်ဋ္ဌေးတို့နဲ့ တိုင်ပင်ပြီး ကျမ ရန်ကုန်ပြန်ဘို့ ပြောပြီး ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ဟားခါးသင်္ဘောနဲ့ ကော့သောင်းဘက်ကနေပြီး ပြန်လာခဲ့ပါတော့တယ်။ ကျမနဲ့အတူတူ ကိုထွန်းထွန်းဦးလည်း ပါလာပါတယ်။ ၁၆ ရက်နေ့မှာ ရန်ကုန်ကို ရောက်ပြီးတော့ ကျမက အိမ်ကို ၀င်နေလိုက်ပါတယ်။

၁၈ ရက်နေ့မှာာ ကျမအိမ်ရှေ့ကို SB (အထူးသတင်းတပ်ဖွဲ့) ကားတစီး ရောက်လာပြီး ကျမကို လာ ခေါ်ပါတယ်၊ ကျမက “ဖမ်းတာလား“ လို့ မေးတော့ “မဟုတ်ပါဘူး။ မေးစရာ ရှိလို့ပါ“ လို့ပြောပါတယ်။ ဒါနဲ့ ကျမ လိုက်သွားတော့ လမ်း ၅၀ က ရုံးချုပ်ရဲ့အခန်းတခန်းမှာ ထိုင်ခိုင်းပါတယ်။ ကျမရှေ့မှာ စာပွဲကြီးတလုံး ရှိနေပါတယ်။ ခဏကြာတော့ လူတယောက် ရောက်လာပြီး ကျမကို မိတ်ဆက်ပါတယ်။ “ကျနော့်နံမည် မြင့်အေးလို့ ခေါ်ပါတယ်။ ကျနော်တို့ကို အမှန်အတိုင်း ဖြေစေချင်ပါတယ်။“ လို့ ပြောပါတယ်။ နောက်ထပ် လူတယောက် ၀င်လာပြီး စာအုပ်အထူကြီး၊ တလက်မလောက် ရှိမှာပါ၊ အဲဒီစာအုပ်ကို ကျမရှေ့မှာချပြီး သူကတော့ ကျမဘေးက ကုလားထိုင်မှာ ထိုင်လိုက်ပါတယ်။ ကိုမြင့်အေးက ရှေ့မှာ ထိုင်နေပါတယ်။

အဲဒီစာအုပ်ကို လှန်ကြည့်ပါလို့ ပြောပါတယ်။ ကျမ စာအုပ်ကို လှန်ကြည့်လိုက်တော့ ကိုဇာနည်၊ ဦးဦးခိုင်နဲ့အခြားငါးယောက်ရဲ့ဓာတ်ပုံတွေ တွေ့ပါတယ်။ စာတွေကို ဖတ်ကြည့်တော့မှ ကိုဇာနည်တို့ကို ဖမ်းမိစဉ်က စစ်ဆေးချက်တွေ ဖြစ်နေတာတွေ့ရတဲ့အပြင် ကျမရဲ့နာမည်ကိုလည်း စာမျက်နှာတိုင်းမှာ တွေ့နေရပါတယ်။ ဒါနဲ့ကျမလည်း ဘာ သိချင်တာလဲလို့ လုပ်လိုက်ရပါတော့တယ်။ ကိုမြင့်အေးက “ဒီ ဓာတ်ပုံတွေထဲမှာ ဘယ်သူ့ကို သိသလဲ။“ လို့ မေးပါတယ်။ ကျမက ကိုဇာနည်ပုံကို လက်ထောက်ပြလိုက်ပြီး “သူ့ကို သိပါတယ်။“ လို့ ပြောလိုက်တော့ သူက ။ဘယ်လို သိတာလ။ဲ“ တဲ့။ ကျမက “ဆန္ဒပြကြတော့ သူ့ကို ခေါင်းဆောင်အနေနဲ့ သိတာပါ။“ လို့ ပြောပြလိုက်ပါတယ်။ သူက“ခင်ဗျား လိမ်ဘို့ မကြိုးစားပါနဲ့။ တရားရုံးမှာ အမှန်ကို ထွက်ဆိုပေးပါ။ ကျနော်တို့ကို ကူညီပါ။ ခင်ဗျားကို မဖမ်းဘဲ ထားတာ သိပေါ့။“ လို့ ပြောပါတယ်။ နောက်ပြီး ဧပြီလ ၂၃ ရက်နေ့ကျရင် ရုံးချိန်း လာခဲ့ပါ၊ အင်းစိန်ထောင်ဗူးဝရှေ့က တရားရုံးပါ လို့ ပြောပြီး ကျမကို အိမ်အထိ လိုက်ပို့ပါတယ်။ အိမ်က မိသားစုတွေကလည်း ရင်တထိပ်ထိပ်နဲ့ စောင့်နေတာ တွေ့ရတယ်။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Oct 15 2012 12:52 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005