အတိတ်မှ အရိပ်များ (၇)
Images from the Past - Khin San Ngwe

ခင်စန်းနွယ် - အတိတ်ကအရိပ်များ

ဖိုးဖြူရဲ့အကိုက ကျမတို့ကို ပြောပြတာကတော့ အခြေအနေ သိပ်မကောင်းဘူး။ ငါတို့ကို ဖောင်တွေလုပ်ရမယ်လို့ သင်္ဘောပိုင်ရှင်က ပြောထားတယ်။ အခု သင်္ဘောမှောက်ရင် မင်းတို့ ချက်ခြင်း ဒုက္ခရောက်သွားမယ် အပေါ်ထပ်က ရော်ဘာကွင်းတွေနားမှာ သွားထိုင်နေကြ၊ အရေးအကြောင်းဆိုရင် သက်ကယ်ဘောကွင်း စွပ်ပြီးမှ ရေထဲကို ခုန်ဆင်းကြ၊ ရေမကူးတတ်ပေမယ့် မမြုပ်ဖူး လို့ သတိပေးပါတယ်။

ပြောပြောဆိုဆိုနဲ့ ဖိုးဖြူအကိုနဲ့ သင်္ဘောသားငါးယောက်က သစ်သားချောင်းတွေနဲ့ ဖောင်ဖွဲ့ကြပါတယ်။ ဖောင်တခုစာပဲ ရပါတယ်။ ရေတိုင်ကီ အခွံ၊ ဆီပေပါအခွံတွေနဲ့ ကုန်းပတ်ဘောင်တွေနဲ့ တွဲပြီးတော့လဲ တခု ထပ် လုပ်ပါတယ်။ သင်္ဘောပိုင်ရှင် ကိုငယ်နဲ့ သူ့ရဲ့ယောက်ဖ ကိုဟယ်လင်တို့က ကြီးကြပ်ပြီး လုပ်နေကြတာပါ။ ဖောင်တွေ ဖွဲ့ပြီးသွားပါပြီ။ သင်္ဘောကပ္ပတိန်ကြီးကလဲ အားလုံးမကြောက်ကြပါနဲ့ ငြိမ်ငြိမ်သာထိုင်နေကြပါ၊ ကျွန်တော်တို့ အားလုံး ပြင်ဆင်ထားပါတယ် စသည်ဖြင့် သင်္ဘောတခုလုံးကို လိုက်လံ အားပေးစကား ပြောနေပါတယ်။

ဒီလိုနဲ့ မနက် ငါးနာရီခွဲခန့်မှာ “အားလုံး တက်ကြ“ လို့ အမိန့်ပေးသံ ကြားရတယ်။ ကျမတို့အားလုံး သက်ကယ်လှေ (Life Boat) ပေါ်သို့ တက်ခဲ့ကြရတယ်။ အမျိုးသမီးများ၊ ခလေးများနဲ့ ကိုယ်ဝန်ဆောင်သည်တွေ အပါအ၀င် ၂၃ ယောက်၊ လှေသမား ၄ ယောက်၊ အားလုံး ၂၇ ယောက် ဖြစ်ပါတယ်။ အခြား ဖောင်ပေါ်ကိုလည်း လူ ၃၀ ခန့် တက်ကြရပါသေးတယ်။ အခြား လင်မယားစုံတွဲတတွဲနဲ့ အမျိုးသမီး တယောက်ကလဲ ကျမခင်ပွန်းနဲ့ ခွဲပြီး မလိုက်နိုင်ဘူး အတူတူပဲ လိုက်မယ်လို့ ပြောပြန်တယ်။ တကယ့်ကိန္နရီ ကိန္နရာ မောင်နှံပါ ပဲ။

သင်္ဘောသားတွေနဲ့ ကျန်တဲ့လူတွေက ကုန်းပတ်ပေါ်သို့ တက်လိုက်ကြတယ်။ ထိုအချိန်မှာပဲ ဒီရေတချက် ဆောင့်လိုက်တာကြောင့် လှုပ်ခတ် သွားပြန်ပါရော။ ကျမတို့စီးတဲ့ လှေကလေးကတော့ သင်္ဘောဦးပိုင်းက သံပြားဝိုင်း ကာထားတဲ့နေရာမှာ ဖြစ်ပါတယ်။ ရင်ဆို့လောက်ရှိတဲ့ သံပြားကြီး ကာရံထားခြင်း ပါ။ အဲဒီအချိန်မှာပဲ သင်္ဘောပေါ်မှာ ပါလာတဲ့ ပုဏ္ဏား ခြောက်ယောက်အနက် လေးယောက်က လှေဘေးကို အတင်း ကပ်လာပါတယ်။ သူတို့လဲ လိုက်ခွင့်ပြုဖို့ ပြောလာပါတယ်။ သင်္ဘောသားတွေက အမျိုးသမီးများ ကိုယ်ဝန်ဆောင်များနဲ့ ခလေးများသာ သက်ကယ်လှေနှင့် လိုက်ခွင့်ရှိကြောင်း သင်္ဘောဥပဒေကို ရှင်းပြကြပေမယ့် အတင်းလိုက်မယ် လုပ်နေကြတယ်။ သင်္ဘောသားတွေရဲ့လက်ထဲမှာ လှော်တက်အပြင် ရဲဒင်းတခုစီလဲ ပါပါတယ်။ ရဲဒင်းကတော့ သင်္ဘောကြိုးကို အရေးပေါ်ခုတ်ဖြစ်နိုင်ဖို့လဲ ဖြစ်နိုင်ပါတယ်။ အန္တရာယ်ပြုမယ့်သူကိုလည်း ခုတ်ရန်ဖြစ်တယ်။ ပုဏ္ဏားတွေကလဲ ငါတို့က လှေပေါ် မတက်ပါဘူး၊ လှေဘေးက ကြိုးကိုခိုပြီး လိုက်ပါ့မယ်လို့ ပြောတာကြောင့် မြန်မာပီပီ သနားပြီး လိုက်ခွင့်ပြုလိုက်ပါတော့တယ်။

ဒီရေလှိုင်းတလုံး ဆောင့်လိုက်တော့ သင်္ဘောသားတယောက်က ချည်ထားတဲ့ကြိုးကို ခုတ်ဖြတ်လိုက်ရာ လှေကလေးက သံပြားဝိုင်းကို ကျော်ပြီး သင်္ဘောကြီးနဲ့ ၀ါးတရိုက်ခန့်အကွာအဝေးကို ချက်ခြင်း ရောက်သွားပါတယ်။ ဖောင်ကို လှမ်းကြည့်လိုက်တော့ ကျမတို့နဲ့ မနီးမဝေးမှာ ပါ။ မကြာမီမှာပဲ သင်္ဘောသားတွေ ပါလာတဲ့ဖောင်က ကျမတို့လှေအနားကို ရောက်လာတာ တွေ့ရတယ်။ ရေစီးက သန်တဲ့အပြင် အလွန် မြန်တာကြောင့် ကြောက်စရာ ဖြစ်နေပါတယ်။ သင်္ဘောကပ္ပတိန်က နောက်ဆုံးကျမှ တယောက်ထဲ ရေထဲကို ဒိုင်ဗင်ထိုးချပြီး သင်္ဘောသားများရှိတဲ့ ကုန်းပတ်ဖောင်ဆီကို ကူးခတ်နေပါတယ်။ နောက်ထပ် ဒီလှိုင်းတလုံးကြောင့် သင်္ဘောကြီး သွက်သွက်ခါ သွားတာကိုတွေ့လိုက်ရတော့ ကျမလဲ အဖွား ပြောဘူးတဲ့ “သင်္ဘောတို့၊ လှေတို့ နစ်ရင် ဒယ်အိုး နစ်သလို နစ်တတ်တယ်။ ၀ါးတရိုက်ကလူတွေ ပစ္စည်းတွေလဲ ဆွဲပြီး နစ်မြုပ်သွားတတ်တယ်“ လို့ ပြောဘူးတာကို သတိရလိုက်တယ်။ ကျမလဲ သေတော့မှာဘဲ လို့ သိလိုက်ပြီး ခေါင်းငုံ့ကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုပြီး ရတနာသုံးပါးကိုသာ အာရုံပြုထားလိုက်ပါတယ်။ အတော်ကြာတော့ ရေမစိုသေးလို့ ခေါင်းထောင်ကြည့်လိုက်တော့ “ရှူး”ဆိုတဲ့အသံကြီး မြည်ဟီးပြီး သင်္ဘောတစင်းလုံး ပျောက်သွားပြီး တမိနစ်လောက်ခန့် သင်္ဘောကြီးတခုလုံး (သင်္ဘောအရှည်က ပေ ၈၀ ရှိပါတယ်) ကို မတွေ့ရတော့ဘဲ ကျမတို့လှေနဲ့ ဖောင်နှစ်ခုသာ ရေပြင်ပေါ်မှာ ရှိနေတာကို တွေ့ရပါတယ်။

အမှန်တော့ ကျမတို့အားလုံး ကံကောင်းခြင်းနဲ့ ကြုံလိုက်ရတာပါဘဲ။ ကျမတို့သင်္ဘောက သတ်မှတ်ထားတဲ့ ကမ္ဘာ့ပင်လယ် ရေကြောင်းက မသွားပဲ ငှားလာတဲ့လမ်းပြက ခိုးလမ်းက သွားဖို့ လမ်းပြတဲ့အတွက် သင်္ဘောကြီးက ကျောက်ဆောင်ကြီးနဲ့ တိုက်မိပြီး ၀မ်းဗိုက်ပေါက်သွားပြီး တင်နေတာဖြစ်ကာ ရေတက်လာတာကြောင့် သင်္ဘော ချက်ခြင်း မြုပ်သွားတာပါ။ ကျမတို့ရောက်တဲ့နေရာက ရေသိပ်နက်တာသိရလို့ ကျမတို့ ကြောက်မိကြပါတယ်။ ကျမတို့လှေနဲ့ ဖောင်နှစ်ခုတို့က မြင်ကွင်းအောက်မှာပဲ တဖြေးတဖြေး ဝေးကွာသွားကြပါပြီ။ အသက်ကယ်လှေကို သင်္ဘောသား လေးဦးက အပြင်းအထန် လှော်နေကြတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ခပ်ပြပြမှာ ကျွန်းတကျွန်းကို တွေ့နေရတာကြောင့် ပါ။

ကြိုးစားပမ်းစား အစွမ်းကုန် လှော်နေသော်လည်း ထင်သလောက် ခရီးမရောက်နိုင်သေးပါ။ အကြောင်းကတော့ ရေစီးက သန်၊ လေက ထန်တဲ့အပြင် လှေမှာက ရေထွက်ပေါက်ကနေ ရေတွေ စီးဝင်နေသောကြောင့် လေးလံနေပါတော့တယ်။ ရေပက်ထုတ်ဖို့ ခွက်မရှိတာကြောင့် ကိုယ်စီပင် အနွေးထည်တွေ ချွတ်ပြီး ရေနှစ်လိုက် ဆွဲယူပြီး အပြင်မှာ ညှစ်ထုတ်ပစ်လိုက် လုပ်နေကြရပြန်ပါတယ်။ ဒီလို ဒုက္ခများနေရတဲ့အထဲ ပုဏ္ဏားလေးယောက်က တ စခန်းထလာပြန်ပါတယ်။ သူတို့က ရေထဲမှာ စိမ်နေတာ ကြာလာတော့ အလွန် အေးလာတာကြောင့် တလှည့်စီ လူလဲပြီး ရေထဲဆင်းပေးဖို့ တောင်းဆိုလာပြန်တာကြောင့် သင်္ဘောသားများက သနားပြီး တယောက်တလဲ ရေထဲဆင်းကာ လူလဲပေးကြလို့ မြန်မာတွေရဲ့ ကိုယ်ချင်းစာစိတ်ကို လေးစားရပြန်ပါတယ်။ အမှန်တကယ်လဲ ပင်လယ်ရေပြင်က ဆားဓာတ်ပါတာကြောင့် အလွန်အေးတာ အမှန်ပါ။ ၀င်လာတဲ့ရေက များလာတာကြောင့် ၀ိုင်းပြီး ပက်ပေမယ့် ပိုများလာပါသည်။ ဒါကြောင့် ကျမတို့ တလှည့်စီ ရေထဲဆင်းပြီး သင်္ဘောသားတွေကို လှေပေါ် ပြန်တက်ခိုင်းရပါတယ်။

သင်္ဘောကပ္ပတိန် ကိုငယ်ကတော့ ဘီဒိုအကာ သုံးထပ်သားပြားပေါ်မှာ သူ့ကိုယ်လုံး၀၀ကြီးကို အလျားမှောက်ပြီး ကူးခတ်နေရာ ကျမတို့လှေဆီ လာလိုက်၊ ဖောင်နှစ်ခုဆီ ကူးသွားလိုက်နဲ့ အားပေးနေတာတွေ့ရတော့ အလွန် တာဝန်ကျေတဲ့ ၀န်ထမ်းကောင်းတယောက် ဖြစ်ပြီး စိတ်ကောင်းစေတနာကောင်းတွေ ပြည့်ဝသူဖြစ်တဲ့အတွက် လေးစား ဂုဏ်ယူမိတာပေါ့ ရှင်။ စွန့်စားနေတဲ့အချိန်က ဘယ်လောက် ကြာသွားတယ်မသိ နေက ခေါင်းပေါ် ရောက်ပါပေါ့။

ရေက ဆက် ၀င်နေတာကြောင့် လှေဦးမှာ တင်ထားတဲ့ အိတ်တွေကို တအိတ်စီယူပြီး ရေထဲသို့ ပစ်ချရပြန်ပါတယ်။ အဲဒီအိတ်တွေကတော့ ငွေထဲ့ထားတဲ့အိတ်တွေနဲ့ ကျောက်စိမ်းအိတ်တွေပဲ ဖြစ်တယ်။ အိတ်တအိတ်ကို ငွေ သိန်း ၈၀ - ၁၀၀ တန်ဖိုး ရှိပြီး အားလုံးက ပုဏ္ဏားတွေရဲ့အိတ်တွေ ပါ။ မတတ်သာတော့ လူ့အသက်ထက်ဘာမှ အရေးမကြီးဘူးမဟုတ်လား။ ကျမလဲ အများနည်းတူ အိတ်တအိတ် ဆွဲပြီး ရေထဲပစ်ချလိုက်ပြီး ကြည့်နေတော့ အပြာရောင်အိတ်ကလေးက ရေထဲမှာ မျောပါသွားတာကို မြင်ရတော့ ပိုင်ရှင်တွေ နှမြောမှာပဲလို့ တွေးမိလိုက်ပါတယ်။ ဆင်းရဲတာ၊ ချမ်းသာတာဟာ ကံက တခဏလေးမှာ ပြောင်းလဲနိုင်ပါလားလို့ သံဝေဂ ရမိပါတယ်။

ရေကအဆက်မပြတ်ဝင်နေတော့ ပက်ထုတ်လို့ မနိုင်တော့ပါ။ ရေတွေက လှေဖောင်းရစ်ထိဖို့ လက်ငါးလုံးသာ လိုပါတော့တယ်။ အမှန်ပဲ လှေမြုပ်မှာကိုသိပြီး အားလုံး စိတ်ဓာတ်ကျနေပါတယ်။ ကျမကတော့ အိတ်ထဲက မြတ်စွာဘုရားရုပ်ပွားတော်ကို ထုတ်၊ နောက်ပြီး ပရိတ်ကြီးစာအုပ်ကို ထုတ်၊ လက်တဖက်ကကိုင်ပြီး မြတ်စွာဘုရားကို အာရုံပြုကာ ပရိတ်တော်တွေ ရွတ်နေလိုက်ပါတယ်။ လူအားလုံးလဲ ကြောက်လန့်ပြီး ငြိမ်နေကြပြီး ပရိတ်ကိုသာ နာနေကြပါပြီ။

ဝဋဍ္ဍသုတ်တော်သို့ ရောက်တဲ့အခါကျတော့ ကျမရဲ့နောက်တခုံကျော်မှာထိုင်နေတဲ့ အမျိုးသမီးတယောက်ရဲ့အော်သံထွက်လာတယ်။ “ဟော ဟိုမှာ လှေတစင်းလာနေပြီ။“ တဲ့။ ကျမကလဲ ဒီ အမျိုးသမီး ကြောက်အားလန့်အားနဲ့ သွေးရူးသွေးတမ်း အော်နေပြီလို့ ထင်လိုက်တယ်။ နောက်တခါ အသံတွေ ထွက်လာပြန်ပါတယ်။ ထိုင်နေသူတွေက “ဆက် ရွတ်၊ ဆက် ရွတ်၊ တကယ် လှေလာနေပြီ။“ လို့ အော်သံတွေ ကြားလိုက်ရတော့မှ ကျမ မျက်စေ့ကိုဖွင့်ပြီး ကြည့်လိုက်မိတယ်။ တကယ်ဘဲ ခပ်ပြပြမှာ လှေတစီး မောင်းလာနေတာကို တွေ့လိုက်ရတယ် ရင်ထဲမှာ ကြည်နူးသွားပုံကိုတော့ ဖော်မပြနိုင်လောက်အောင်ပါပဲ လေ။ သင်္ဘောသားတယောက်က အင်္ကျီအဖြူ ချွတ်ပြီး ဝှေ့ရမ်းပြနေတာကို သတိပြုမိလိုက်တယ်။ ကျမ ရွတ်နေတဲ့ ပရိတ်တော်က အာဋာနာဋိယ သုတ်တော်ပါပဲ ရှင်။ ပရိတ်တော်အပြီးမှာ စက်လှေကလေးက အနားကို ရောက်နေပါပြီ။

ကျမတို့ သင်္ဘောသားများက စက်လှေကလူနဲ့ စကားပြောပြီးနောက် ကျမတို့ဘက်ကို လှည့်ကာ “အားလုံး နားထောင်ကြ။ မသေတော့ဘူး။ စိတ်အေးအေးထားကြ။ စက်လှေက သေးတယ်။ လူ ၁၂ ယောက်စီ သယ်ပေးမယ်၊ ငြိမ်ငြိမ်သာ ထိုင်စောင့်နေကြပါ။“လို့ ပြောပါတယ်။ ၁၂ ယောက်စီ တင်ကာ စက်လှေလေးက တနာရီလောက် မောင်းရတဲ့ မှုန်ပြပြကျွန်းကလေးဆီ ခေါ်ဆောင်သွားပါတော့တယ် ရှင်။ ကျွန်းကလေးရဲ့အမည်က “ကွမ်းသီးလုံးကျွန်း“ ဖြစ်ပါတယ်။ လာရောက် ကယ်ဆယ်တဲ့ အသက်သခင် ကျေးဇူးရှင်ကတော့ အမည်မသိခဲ့ရတဲ့ ရေကန်တောင်ရွာသား တွေ ပါ။ နေ့လည်နဲ့ နံနက်ပိုင်းမှာ ကျွန်းဆီ ရေစီးကြောင်း စီးဆင်းပြီး ညပိုင်းမှာတော့ ရေက ကမ်းစပ်ဘက် ပုတ်လေ့ရှိကြောင်း ပြောပြတဲ့အတွက် သိရပြန်ပါတယ်။ ဒါကြောင့်လည်း လှော်သလောက် ခရီးမပေါက်နိုင်တာပါ။

ကျမတို့ကို ကွမ်းသီးလုံးကျွန်းပေါ် ပို့ပြီးတဲ့အခါ ကျမတို့က နောက်မှာ ဖောင်နှစ်ခု မျောနေပါသေးတယ်၊ ကယ်ပါအုံး၊ လို့ ပြောတော့ စက်လှေကလူက စိတ်ချပါ ကျနော် သွားကယ်ပါမယ် လို့ပြောပြီး ထွက်သွားပါတယ်။ ကျမတို့လှေမှာက ကိုယ်ဝန်ဆောင်ရယ်၊ မိန်းမတွေရယ်၊ ခလေးတွေရယ် အားလုံးပေါင်း အယောက် သုံးဆယ် ပါ။ ည ၇ နာရီလောက်မှာ ဖောင်တခုပေါ်ပါသွားတဲ့လူတွေ ရောက်လာပါတယ်။ စာရေးဆရာ တက္ကသိုလ်နှင်းဝေလဲ ပါလာပါတယ်။ တချို့က လုံခြည် မပါတော့ပါဘူး။ ဖောင်က အပေါ်က တက်စီးရတာ မဟုတ်ပဲ တွယ်စီးရတာဆိုတော့ လက်က မအား၊ လုံခြည်ကျွတ်တာကို မဆွဲနိုင်တော့ဘူးလေ။ ကျွန်းပေါ်မှာ မီးလှုံဖို့ မီးဖိုထားပါတယ်။ သူတို့က မီးဖိုဘေးကပြေးကပ်လာကြတယ်။ အောက်ခံဘောင်းဘီပါတဲ့လူတွေက ပုဆိုးချွတ်ပေးကြလို့ တော်ပါသေးရဲ့၊ အခြားဖောင်တခုကိုတော့ နီးစပ်ရာ ကျွန်းတခုကို ပို့ခဲ့ကြောင်း သိရပါတယ်။ လာကယ်ကြသူတွေက မနက် ၉ နာရီမှာ ကျနော် လာခေါ်မယ်လို့ပြောပြီး ပြန်ထွက်သွား ပါတယ်။

လူတွေအားလုံးကတော့ ပင်လယ်ပြင်ကို ကြည့်ပြီး ရေငတ်နေကြဆဲပါ ပဲ။ မနက်ကတည်းက ဘယ်သူမှ ရေမသောက်ရ၊ အစားမစားရသေးတာကြောင့် ရေရှာကြပါတယ်။ ရေချိုကို မတွေ့ရပါ။ ကျမက ရွှေတိဂုံဘုရားက ဂျိုးသိန်းဆေးပေါ့လိပ်ရေအိုးစင်တွေမှာ ရေဖြည့်လှူဒါန်းခဲ့တာကို သတိရပြီး သစ္စာပြုလိုက်ပါတယ်။“ရေ လှူဒါန်းခဲ့ရတာ အမှန်ပါ။ ဒီ သစ္စာစကားကြောင့် ရေ ရရှိပါစေ။“ လို့ ဆိုပြီး ကျမ ရေရှာတော့ မကြာမီမှာပဲ ကျောက်ဆောင်ကြားလေးတခုထဲက ရေတွေ စီးကျနေတာတွေ့လို့ သွားကြည့်ကြတော့ ရေချိုဖြစ်နေတာ တွေ့လိုက်ရပြီး အားလုံးပဲ ၀မ်းသာသွားကြတယ်။ လှေပေါ်က ပလပ်စတစ်ခွက် ပြန်ယူပြီး ရေခံကာ တယောက်တလဲ သောက်ကြတာပေါ့။

မနက် ၇ နာရီမှာ ဆလုံလှေကလေးတစင်း ရောက်လာပြီး ကျွန်းပေါ်မှာ လူတွေ ဘာဖြစ်လို့လဲလို့ မေးတော့ ကျမတို့က သင်္ဘော နစ်တာပါလို့ ပြောလိုက်ရာ သူတို့မှာ ပါလာတဲ့ ဆန်လေးလုံးချက်ထားတဲ့ ထမင်းတွေအပြင် ရေကျွဲလို့ခေါ်တဲ့ ငါးခြောက်ရွှေရောင် တကီလို (ဘတ် ၇၀၀ တန်) ကို ပေးသွားပါတယ်။ ကျမတို့ တယောက်ကို ထမင်းတလုတ် ငါးခြောက်တဖဲ့စီ အလှည့်ကျ စားကြတယ်။ မနက် ၉ နာရီ လောက်မှာတော့ စပါးတင်တဲ့လှေအကြီးတစင်းနဲ့ အမြန်ယာဉ် (speed boat) တစင်းပေါ်မှာ ထမင်း ထည့်လာတဲ့ တောင်းကြီး တခု၊ ငါးကြော်တောင်းတခု၊ ရေတွေပါ ပါလာတာတွေ့ရတော့ ကျမတို့အားလုံးရဲ့မျက်နှာတွေဟာ လပြည့်ညလမင်းလို ပါ ပဲ။ ကျမတို့ကို ထမင်းတွေ ကျွေးပြီးတော့ မနက် ၁၁ နာရီမှာ ရေကန်တောင်ရွာကို ခေါ်လာခဲ့ပါတယ်။ တခြားဖောင်ကလူတွေကိုလည်း ကျမတို့ဆီ ပို့ပေးပါတယ်။ ရေကန်တောင်ရွာကို ရောက်တော့ အအေးမိပြီး ဖျားနေတဲ့လူတွေ၊ ဒဏ်ရာရတဲ့လူတွေနဲ့ ခြေထောက်ကို ငါးကိုက်ခံရတဲ့တွေ အစုံပါပဲ။

လူပြန်စစ်တော့ မော်လမြိုင်က ကိုစန်းလွင်နဲ့ မြိတ်မြို့က ကျောင်းဆရာမလေး မအေးအေးစိုးတို့ နှစ်ယောက် ပျောက်နေလို့ သေဆုံးတယ်ဆိုတာ သိလိုက်ရတယ်။ အားလုံး စိတ်မကောင်းကြပါ။ ညနေပိုင်းရောက်တော့ ကျမတို့ကို ရေကန်တောင်ရွာဦးပိုင်းမှာ ရှင်ဥပဂုတ္တပူဇော်ပွဲကို ခေါ်သွားတယ်။ ကျမတို့အားလုံးကို ထမင်းလဲ ကျွေးပါတယ်။ ကြက်သားဟင်း၊ ပသျှူးသုတ်၊ မုန်လာဥကို အသဲအမြစ်နဲ့ ဟင်းချို၊ ငါးပိကြော်တွေနဲ့ တသက် မမေ့နိုင်တော့ပါဘူး။

ရေကန်တောင်ရွာမှာ တည အိပ်ခဲ့ကြပြီး လှေကြီးတစင်းနဲ့ကျမတို့ကို တင်ဆောင်ကာ မြိတ်မြို့က ပုလဲရတနာခန်းမကို လိုက်ပို့ပြီး အစိုးရဆီကို အပ်ပေးခဲ့ကြပါတယ်။ ပုလဲ ရတနာ ခန်းမကို ရောက်တော့ မြိတ်မြို့သူမြို့သားတွေ ရောက်လာပြီး စားစရာ၊ အ၀တ်အထည်နဲ့ ငွေတွေ လာလှူကြပါတယ်။ ကျမကိုတော့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဆွေက လာပြီး ငွေတထောင်နဲ့ အင်္ကျီ ငါးထည်၊ လုံချည် ငါးထည်၊ အနွေးထည် တထည် ပေးပါတယ်။ နံမည် မေ့သွားပါပြီ။ စစ်ဗိုလ်တယောက် ရောက်လာပြီး “အခုလို ဒုက္ခရောက်ခဲ့ကြတာကို စိတ်မကောင်းပါဘူး။ ထွက်ပြေးတဲ့ ကျောင်းသားတွေပါရင် ပြောပါ၊ ကျနော်တို့က လက်လဲ မဖြတ်ပါဘူး။ ထောင်လဲ မချပါဘူး။ နိုင်ငံတော်အစိုးရက မတရား မလုပ်ပါဘူး။“ ဆိုပြီး မိန့်ခွန်းတွေ ချွေနေလို့ စိတ်မရှည်ကြတော့တဲ့အချိန်မှာ စာရေးဆရာတက္ကသိုလ်နှင်းဝေက ထပြီး “ကဲ ဗိုလ်ကြီး။ ကျေးဇူးလဲတင်ပါတယ်။ ကျနော်တို့ကို ဘယ်လို ကူညီမှာလဲ။ မှတ်ပုံတင်တွေလဲ မရှိတော့ဘူး။ သွားရေးလာရေး မလွယ်ဘူး။ ပိုက်ဆံလဲ တပြားမှ မရှိဘူး။“ လို့ ပြောမှ ဟုတ်ကဲ့ပါ ဆိုပြီး စကားရပ်သွားတယ်။ ရန်ကုန်ပြန်မယ့်လူတွေကို လေယာဉ် စီစဉ်ပေးပြီးတော့ ကော့သောင်းဆင်းမဲ့လူတွေကိုတော့ အောင်ခိုင်သစ် စက်လှေမှာစီးဘို့ လက်မှတ်စီစဉ်ပေးပါတယ်။ ထားဝီနဲ့ဖိုးဖြူကတော့ “တော်ပြီ၊ အမရေ ရန်ကုန်ပဲ ပြန်တော့မယ်။“ ဆိုပြီး ရန်ကုန်လက်မှတ်သွားယူကြပါတယ်။ ကျမနဲ့ ထွန်းထွန်းဦးကတော့ တာဝန်တွေ မပြီးဆုံးသေးဘူးဆိုတော့ ကော့သောင်း ဆက်သွားဖို့ ဆုံးဖြတ်ပြီး အောင်ခိုင်သစ် စက်လှေလက်မှတ် သွားယူခဲ့ပါတယ်။

ကျမတို့နှစ်ယောက်လည်း ဖိုးဖြူနဲ့ထ၀ီးတို့ကို နှုတ်ဆက်ပြီး ၀တ်တိုက်ဘုန်းကြီးကျောင်းကို ပြန်ခဲ့ကြပါတယ်။ ကိုကမ္ဘာနဲ့ကိုသောင်းထွန်း ရောက်လာကြပြီး ဆက်သွားဖို့ ဆုံးဖြတ်တာကို ချီးကျူးပါတယ်လို့ ပြောပါတယ်။ မနွယ်ရေ သတင်းတခုပြောမယ်၊ ဘိတ်မြို့မှာ ဧည့်သည်တွေ ရောက်တယ်။ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ကြီးတို့ပေါင်းပြီး စက်တင်ဘာလ (၂၇) ရက်နေ့က NLD ပါတီ ထောင်လိုက်ပြီ။ အစိုးရက ရွေးကောက်ပွဲ လုပ်ပေးတာကို ၀င်ပြိုင်မယ်။ နိုင်ရင် အစိုးရဖွဲ့လို့ ရတယ်။ နိုင်ငံရေးနည်းနဲ့ လုပ်မယ်လို့ ပြောတယ်။ ဘိတ်မှာ ဖွဲ့ဖို့ ဗိုလ်မှူးကြီးမောင်ရွှေ၊ အလုပ်သမား ဒု - ညွှန်ကြားရေးမှူး ဦးမောင်ကို၊ လူငယ်က ကိုတိုးအောင်တို့ ရောက်နေကြတယ်။ ကော့သောင်းကိုလည်း ဖွဲ့ဖို့ လှမ်းပြောနေတယ်။ ကိုအောင်ရွှေကတော့ စိတ်ဝင်စားနေတယ်။ ကျနော်တို့ကတော့ စိတ်မ၀င်စားဘူး၊ လက်နက်နဲ့တိုက်ဖို့ပဲ စိတ်ဝင်စားတယ်။ ကျမက ဒါဆိုရင် ဦးမောင်ကို ကို တွေ့ချင်တယ်ဆိုလို့ကျမကို ခေါ်သွားတယ်။ NLD ဖွဲ့မယ့်ရုံးမှာ တွေ့ကြတယ်။ ဦးမောင်ကိုက ကျမကို မြင်တော့ ၀မ်းသာနေတယ်။ ကျမက ဦးမောင်ကို ကို ပြောပြလိုက်တာကတော့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးကို သေချာ ပြောလိုက်ပါ၊ ခရမ်းသုံးခွက မြကိုင်းရွာမှာ ရေတပ်သား ၇၅ ယောက် ဖွက်ထားခဲ့တယ်။ သူတို့က ရှောင်ဖို့ အရေးကြီးတယ်။ ဘဘဦးတင်ဦး စီစဉ်ပေးပါလို့ပြောပေးပါ လို့ ပြောလိုက်တော့ ဦးမောင်ကိုက စိတ်ချပါလို့ ပြောပါတယ်။ မနက် ၆ နာရီမှာ ကျမတို့လှေဆိပ်ကို ဆင်းခဲ့ကြတယ်။ ကျမ အောင်ခိုင်သစ်စက်လှေကို ကြည့်လိုက်တော့ ပထမမြုပ်တဲ့ သင်္ဘောထက် သေးတာ တွေ့ရတယ်။ ကျမက ကြောက်ပြီး ကိုကိုထွန်းဦးကို ဒီသင်္ဘော ငါ မစီးရဲဘူး၊ တခြားစက်လှေ သွားမေးမယ်လို့ ကျမက ပြောပြီး၊ ဘေးချင်း ယှဉ်ရပ်နေတဲ့ ပြည့်ဖြိုးမေ စက်လှေကို ကျမက သွားမေးလိုက်ပါတယ်။ ကျမ သင်္ဘောမှောက်တဲ့ ဒုက္ခသည် ပါ၊ ကော့သောင်းကို လိုက်ပါရစေ၊ ကျမ သင်္ဘောသေးလို့ မလိုက်ရဲလို့ပါလို့ တောင်းပန်တော့ စက်လှေက တယောက်ကို တထောင်ပေးရမယ်လို့ ပြောပါတယ်။ ကျမက ပိုက်ဆံတထောင်ပဲ ရှိတယ်လို့ ပြောတော့ သနားပြီး လိုက်ခဲ့ပါလို့ ပြောပါတယ်။ ဒါနဲ့ ကျမနဲ့ကိုထွန်းထွန်းဦး သင်္ဘောပေါ် တက်သွားတော့ တောခိုလာတဲ့ ခင်ဥမ္မာ (NDD ဒါရိုက်တာ) နဲ့ ဗဟန်းက အမာပျိုရဲ့သား ဇော်ဇော်နဲ့ ညီညီတို့နှစ်ယောက်ကိုပါ တွေ့ရတယ်။

(မှတ်ချက်။ ။ ဒီ အကြောင်းအရာထဲမှာ အချက်အလက် အတော်များများကို “သီရိဇေယျာ (၂)“ ဆောင်းပါးအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ ယခု ရေးနေသည့် အခန်းဆက် ဆောင်းပါးတွင် သမိုင်းဖြစ်စဉ်တခုအဖြစ် ပါဝင်နေသည့်အပြင် သမိုင်းအရ ဆက်စပ်နေပါသဖြင့် စာဖတ်သူများ တဆက်တည်း ဖတ်စေလိုသည့် စေတနာကြောင့် ဖော်ပြလိုက်ရပါသည်။)
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Oct 13 2012 06:29 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005