အတိတ်မှ အရိပ်များ (၆)
Images from the Past - Khin San Ngwe

ခင်စန်းနွယ် - အတိတ်ကအရိပ်များ

မြိတ်မြို့ဝင်လုလုမှာတော့ ပထော်ပထက် တောင်ညီနောင်ကြီးကို အဝေးကနေပြီး လွမ်းဆွတ်ဖွယ် လှမ်းမြင်လိုက်ရတော့ ရင်ထဲမှာ ဝေဒနာတမျိုးက ပေါ်လာပြန်ပါကော ရှင်။ မြန်မာပြည်ရဲ့လုံခြုံရေးအတွက် သဘာဝတောင်တန်းကြီးတွေက အလိုအလျှောက် ကာကွယ်ထားပါလားလို့လည်း အားတက်မိတာ အမှန်ပါ။ တဖြေးဖြေး နီးလာတော့ ရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီးကို ထင်ထင်ရှားရှား ဖူးမြင်လိုက်ရတာကြောင့် ဦးသုံးကြိမ် ချလိုက်မိတယ်။ စက်လှေရပ်တဲ့အထိ ဖူးမျှော်လို့ မ၀အောင်ပါပဲ။ စက်လှေပေါ်မှာက လူခြောက်ဆယ်ခန့်ပါလာ တာပါ။ ကျမဘေးကနေ တိုးခွေ့ ဆင်းနေကြလို့ ကျမ မနည်း ရှောင်နေရတယ်။ ကုန်ပစ္စည်းတွေ ချနေတာကိုလည်း စောင့်နေရတယ်။ ရန်ကုန်က တင်လာတဲ့ ငြုပ်သီးခြောက်၊ ကြက်သွန်နီ၊ ဘဲဥ၊ အာလူး၊ ပဲမျိုးစုံ၊ ဆန်အမျိုးမျိုး ပါဝင်ပါတယ်။ ရောင်းသူ ၀ယ်သူတွေနဲ့ ပိုပြီး ရှုပ်ထွေးနေလို့ တနာရီခန့် စောင့်နေရတယ် လေ။

ဆင်းတဲ့လူတွေ အားလုံးကုန်သွားမှ ကျမတို့ ကိုယ့်အိတ်ကလေးကိုယ်ဆွဲပြီး ဆင်းခဲ့ ကြရတယ်။ ဆိပ်ကမ်းမှာ ထမင်းထုတ် ရောင်းပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဂုံးကောင်သေးသေးလေးတွေ ဒေသအခေါ် “ရှပ်” လို့ခေါ်တဲ့ အကောင်လေးတွေကို ကင်ပြီး ရောင်းတာပါဘဲ။ ၀ယ်စားကြည့်လိုက်တော့ မွှေးပြီး ချိုအီတဲ့ အရသာက ဆွဲဆောင်နေပါတော့တယ်။

ဝတ်တိုက်ကျောင်းက ဆရာတော် ဦးအဂ္ဂဓမ္မ နဲ့ ဦးနန္ဒိယတို့ နှစ်ပါးက လာကြိုနေကြပါတယ်။ ဒီဆရာတော်တွေက နိုင်ငံရေးလှုပ်ရှားသူတွေကို ကူညီပေးတဲ့ သံဃာတော်တွေ ဖြစ်ပါတယ်။ ဗိုလ်မှူးအောင်တို့နဲ့ ခင်မင်သူတွေပါ။ ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တွေလည်း ဖြစ်ကြတယ်လေ။ ၀တ်တိုက်ဘုန်းတော်ကြီးကျောင်းက နောက်လယ်ရပ်မှာ ရှိပါတယ်။ ကျမတို့ကို ကျောင်းကိုခေါ်လာကြခြင်း ဖြစ်ပါတယ်။ နောက်လယ်ရပ်က ဖိုးလူဝစာပေက ကိုသောင်းထွန်း၊ ကိုကမ္ဘာတို့က လာရောက် တွေ့ဆုံကြတဲ့အပြင် ဗကသအဖွဲ့ဝင် ကိုရဲနိုင်ထွေးလည်း ရောက်လာပြီး ကော့သောင်းမြို့သို့ သွားရန်ကိစ္စ၊ တနင်္သာရီတိုင်း မိုးထောင်စခန်းဘက်သွားဖို့ကိစ္စတွေအတွက် ဆွေးနွေးကြတဲ့အပြင် သူတို့က ကူညီခဲ့တာ ဖြစ်ပါတယ်။

ဘဘ ဗိုလ်ချုပ်ကြီးတင်ဦး (ယခင်ကာကွယ်ရေးဦးစီးချုပ်) ထံအကြောင်းကြားပေးဖို့ မှာကြားခဲ့ရာ သူတို့ကလည်း သေသေချာချာ ဆောင်ရွက်ဖို့ တာဝန်ယူကြောင်း ကတိပေးကြပါတယ်။

ဗကသ က ငွေတွေတော့ မယူချင်ဘူး၊ နောက် ကျောင်းသားအဖွဲ့ ကိုမောင်မောင်သိန်းတို့အုပ်စု ဆင်းလာမယ်လို့ သတင်းရတယ်။ သူတို့ကို ပေးလိုက်ပါလို့ ပြန် ပြောလိုက်ပါတယ်။ အရေးအခင်းကာလဆိုတော့ ၀တ်တိုက်ကျောင်းမှာ နေ့တိုင်း ငပိစိမ်းစားထောင်းနဲ့ အားပေးရတော့ ၀ဲတောင် နဲနဲစွဲလာပါတယ်။

နိုဝင်ဘာ (၂၀) ရက်နေ့မှာ ကော့သောင်းကို သွားဖို့ ကိုကမ္ဘာက စီစဉ်ထားကြောင်း သိခဲ့ရတယ်။ မြိတ်မြို့ကတော့ အလွန်လှပတဲ့ ရှုခင်းတွေနဲ့ ရှုမဆုံး ရှုမ၀အောင်ပါပဲ။ အလျား ၈ မိုင်ခန့် အနံ ၂ မိုင်ခန့်သာ ရှိပြီး ရပ်ကွက်အမည်တွေက ကျမတို့အတွက်တော့ ဆန်းနေပါတော့တယ်။ ကန်ဖျားရပ်ကွက်၊ ကန်ခေါင်းရပ်ကွက်၊နောက်လယ်၊ အရှေ့ဖျား၊ သာကေတ၊ ကြံတောရပ်ကွက် တဲ့။ ကျမက ရန်ကုန်သူဆိုတော့ ကြံတောအသံ ကြားရင်း သချိုံင်းကုန်းကိုဘဲ မြင်နေမိတော့တယ်။ မြိတ်မှာ နံမည်ကြော်တာကတော့ မြိတ်ကပ်ကျေးကိုက် ပါ၊ ခေါက်ဆွဲပြားကို ကြက်ဥ ပဲပင်ပေါက် ထည့်ပြီး ပအုန်းရည်လို့ခေါ်တဲ့ ဓနိရည် ထည့် ကြော်ထားတာပါ။ တပွဲကို နှစ်ကျပ်နဲ့ ပြားနှစ်ဆယ် ရောင်းပေမယ့် ပိုက်ဆံတပြားမှ မရှိလို့ မစားခဲ့ရပါဘူး ရှင်။

ရိုးသားအေးချမ်းတဲ့ မြိတ်မြို့သူ မြို့သားတွေဟာ ကြည်လင် စိုပြေတဲ့ အသားအရေပိုင်ရှင်တွေအဖြစ် မြင်ရလို့ စိတ်ထဲမှာ အေးချမ်းရပါတယ်။ ရတနာသုံးပါးကို အလွန် ကိုင်းရှိုင်းကြသူတွေ ပါ။ ကျောင်းကို အမြဲတမ်းဆွမ်းလာပို့တဲ့ မထားရီ နဲ့ စီစီလွင် (ရုပ်ရှင်သမီး မေသန်းနုရဲ့ညီမလေး) နဲ့ ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်။

ဒီလိုနဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီမှာ ကျမတို့နှစ်ယောက် ခေါက်ဆွဲခြောက်ထုတ်နဲ့ လိမ္မော်ရည်ပုလင်းတွေ ၀ယ်ပြီး သင်္ဘောပေါ် တက်ခဲ့ကြတယ်။ သင်္ဘောအမည်က သီရိဇေယျာ ပါ။ နှစ်ထပ်သင်္ဘောပေါ့။ အောက်ထပ်မှာ ပစ္စည်းတွေ တင်ထားပါတယ်။ အပေါ်ထပ်နဲ့ ခေါင်မိုးလေးမှာ လူတွေနေရာယူကြတာ ကြပ်ညပ်နေလို့ ပူးပူးကပ်ကပ်နဲ့ မျှပြီး ထိုင်ကြရတယ်။ လူပေါင်း ရှစ်ဆယ်လောက်တော့ ရှိမှာပါ။

သင်္ဘောပေါ်မှာ လှည့်ပတ်ကြည့်ရင်းက ရန်ကုန်မြို့ ဗဟန်း အထက (၁) မှာ ဆန္ဒပြ သပိတ်စခန်းဖွင့်တုံးက ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ဖိုးဖြူနဲ့ ထ၀ီးတို့ နှစ်ယောက်ကို တွေ့လိုက်ရတော့ အရမ်းကို အံ့သြသွားပြီး ၀မ်းသာလိုက်တဲ့ဖြစ်ခြင်း၊ သူ့အကို သင်္ဘောသားနဲ့ မိတ်ဆက် ပေးပါတယ်။ ထ၀ီးကို ကျမတို့က ချစ်စနိုးနဲ့ ခေါ်ကြတာ။ သူက ထားဝယ်သား ပါ။

ဒီသင်္ဘောက အခုလမ်းကို တခါမှ မဆွဲဘူးကြောင်း၊ ရခိုင်ကမ်းရိုးတန်းသွား သင်္ဘော ဖြစ်ကြောင်းနဲ့ မြုပ်သွားလို့ ပြန်ဆယ်ပြီး ဒေါက်တင်ထားရာက အခု ကောင်းသွားလို့ ဒီခရီးစဉ်ကို မောင်းကြည့်တာဖြစ်ကြောင်း၊ ကော့သောင်းကိုလဲ တခေါက်မှ မရောက်ဘူးသေးတဲ့ အကြောင်းတွေ သိလိုက်ရတယ်။ ဒါကြောင့် လမ်းပြကို ငွေသုံးထောင်နဲ့ ငှားလာခဲ့ရတာ စသည်ဖြင့် ပေါ့လေ၊ ဖိုးဖြူက ရှင်းပြလို့ သိရတယ်။

ရေပြင်က အစိမ်းနဲ့အပြာ တကွက်စီ ဆေးချယ်ထားသလိုပါ ပဲ။ နေလုံးကြီးကလဲ ရေထဲမှာ ငုတ်လျှိုးနေသလို ဖြစ်နေတော့ ပန်းချီကားတချပ်လို လှပ ဆန်းသစ်နေတာကို တွေ့မြင် ခံစားရပါတယ်။ ဆောင်းလေက တိုးဝှေ့လိုက်တိုင်း သင်္ဘောဘေးက အကာတွေကို ထိခတ်သွားတဲ့အတွက် တဖြတ်ဖြတ် ဖြစ်သွားတဲ့အသံတွေက အဆက်မပြတ်ပါပဲ။ ဒီကြားထဲ လှိုင်းလုံးတွေက အလုအယက် အပြေးပြိုင်ပြီး ကမ်းဆီကို ပြေးအတက်မှာ ကမ်းစပ်နဲ့ ရိုက်တဲ့အသံတွေကလည်း ရေလမ်းခရီး မသွားဘူးတဲ့ ကျမအဖို့တော့ ဂီတသံစဉ် အသစ်တွေကို နားသောတဆင်နေရသလိုပါ ပဲ။ လှိုင်းလုံးတွေကိုကြည့်ပြီး ကျမ ငယ်ငယ်တုံးကလို ရေထဲကို ပြေးဆင်းသွားချင်စိတ်ကလည်း ပေါ်လာပြန်ပါကော။

ည ၈ နာရီလောက်ရှိတော့ ကျမလဲ ငိုက်လာတာနဲ့ အိပ်လိုက်ပါတယ်။ ပလတ်စတစ်အစလေးခင်းပြီး ကျောပိုးအိတ်ကို လွယ်ထားတာဆိုတော့ ခေါင်းအုံးပြီး အိပ်ပျော်သွားပါတယ်။ ကျမ သစ္စာစကားဆိုရရင် အရေးထဲ အိပ်မက်မက်ပါတယ်။ အိမ်မက်က သင်္ဘောကြီး ခါပြီး လှုပ်သွားတော့ ရေပြင်မှာ စောင်းရက်ကြီးဖြစ်နေတယ်လို့ ကျမ လန့်နိုးသွားပြီး နိမိတ် မကောင်းဘူးလို့ စိတ်ထဲမှာ ယုံကြည်တာကြောင့် ရေစောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်တွေ၊ သင်္ဘောစောင့်နတ်တွေနဲ့ ရေငံပိုင်ဦးရှင်ကြီး ပင့်ပြီး ပရိတ်ရွတ် နေမိပါတယ်။ ကျမရဲ့ ဘေးဘီဝဲယာ လှည့်ကြည့်လိုက်တော့ မန္တလေးက ဆင်းလာတဲ့ ပုဏ္ဏားလူမျိုး ဗေဒင်ဆရာ ခြောက်ယောက်က ဖယောင်းတိုင်မီးလေးတွေ ထွန်းပြီး ဗေဒင် ဟောနေကြတယ်။ ခရီးသည်တွေကလဲ ကြုံ့ကြုံ့လေးတွေ ထိုင်ပြီး မေးနေကြတော့ ကျမလဲ ထသွားပြီး မေးကြည့်မိပါတယ်။

အဲဒီ ပုဏ္ဏားဗေဒင်ဆရာက “ခင်ဗျား ထွက်လာတဲ့ ခရီးဂြိုဟ်က မကောင်းဘူး။ ဒါပေမဲ့ ဘာမှ မစိုးရိမ်နဲ့ ဆရာတို့ ရှိပါတယ်” လို့ ပြောပါတယ်။ ကျမတို့ အတူသွားတဲ့သူငယ်ချင်းတွေက ဘာမှမဖြစ်ပါဘူး လို့ နှစ်သိမ့်ကြပါတယ်။

ဒီလိုနဲ့ ည ၁၁ နာရီ ထိုးတဲ့အခါမှာ ကျမရဲ့အိပ်မက်ထဲကအတိုင်း သင်္ဘောက အရမ်း လှုပ်ခါသွားပြီး နည်းနည်း စောင်းသွာတာ သတိထားမိလိုက်တယ်။ အားလုံးက ထိပ်ထိပ်ပြာပြာနဲ့ ဆူဆူညံညံ ဖြစ်နေပါတယ်။ သင်္ဘောက အလုပ်သမားတွေက ဘာမှစိတ်မပူပါနဲ့ဆိုပြီး နှစ်သိမ့်ကြပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ သင်္ဘောပိုင်ရှင် ကိုငယ်က ယောင်္ကျားတွေ လာကြပါ၊ သင်္ဘောပေါ်က အိတ်တွေ ရေထဲပစ်ချကြပါ လို့ အော်ခေါ်ပါတယ်။

သင်္ဘောပေါ်မှာ အာလူးအိတ်တသောင်း၊ ဆန်အိတ်၊ ပဲအိတ်၊ ငြုပ်အိတ်တွေအပြင် ပရိဘောဂပစ္စည်းတွေဖြစ်တဲ့ ဘီဒိုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေလဲ ပါလာပါတယ်။ တချို့ကတော့ ကျောက်စိမ်းတွေ အများကြီး ပါလာတယ်၊ မူဆယ်ဘက်က သူဌေးကြီး ဦးအိုက်မောင်နဲ့ အတူ သူ့အထုပ်တွေလဲ ပါလာတယ်လို့ ပြောပါတယ်။ ပစ္စည်းအချို့ကိုတော့ ကရိန်းနဲ့ မ ချပြီး အချို့ကို လက်နဲ့ပစ်ရတော့ ယောင်္ကျားလေးတွေတောင် မောလို့ ထိုင် နားနေရတယ်။ သင်္ဘောဥသြသံကလည်း ပင်လယ်ပြင်ကို ဖြတ်ပြီး လွမ်းလွမ်းဆွေးဆွေးနဲ့ ဟိုးအဝေးဆီက တောအုပ်တွေဆီကို ပြေးလွှားရင်း တဖြေးဖြေး မြုပ်ကွယ် တိမ်ဝင်သွားပါတယ်။

ကိုရဲနိုင်ထွေးကလည်း အခြေအနေ သိပ်မကောင်းဘူး။ ဒါပေမယ့် မြိတ်မြို့ကလူတွေကလည်း ထောက်ပံ့ချင်ကြကြောင်း၊ ကျောင်းသားများအတွက် ဘတ်ငွေ ငါးသောင်း လှူဒါန်းချင်ကြကြောင်းနှင့် အဲဒီငွေကို အမတို့ ယူသွားပါလို့ ပြောလာပါတယ်။ ကျမ ကောင်းကင်ဆီကို မီးကျည်တွေပစ်ဖောက်ပြီး အချက်ပြနေတာ ပန်းချီကားကို ဆေးစက်တွေ ထပ်ချယ်သလိုပါ ပဲ။

ကျမတို့အားလုံး စိုးရိမ်ပူပန်မှုတွေနဲ့ ထိတ်လန့်နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်ကို မီးကျည်တွေ ပစ်ဖောက်တာဟာ သင်္ဘောအတွက် အန္တရာယ်ရှိကြောင်း အချက်ပြတယ်ဆိုတာ သူများပြောပြမှ သိလိုက်ရလို့ပါ ပဲ။ မြန်မာပြည်မှက သိတဲ့အတိုင်းဘဲ လူထုအတွက် လုံခြုံရေးစီမံချက်ဆိုတာ မကြားဘူးလောက်အောင်ဘဲ လေ။ အခုလို အချက်ပြနေပေမယ့် ဘာ ကယ်ဆယ်ရေးမှ ပေါ်မလာပါဘူး။ လူတွေအားလုံးမှာ ခြောက်ခြား စိုးရိမ်မှုတွေ ပိုနေကြပါပြီ။ ည ၁၂ နာရီ သန်းခေါင်ကျော်သွားပါပြီ။ ကယ်မယ့်သူကို မျှော်လင့်ကြီးစွာနဲ့ စောင့်မျှော်နေကြတုံး ငိုအားထက် ရယ်အားသန်ရမလို ပါပဲ၊ တယောက်က လှေတွေ လာနေပြီလို့ အော်လိုက်တော့ အားလုံး ၀မ်းသာသွားကြပြီး ရေပြင်ဆီ လှမ်းကြည့်နေကြတယ်။ တဖြေးဖြေး နီးလာတော့မှ သင်္ဘောပေါ်က ပစ်ချလိုက်တဲ့ ပရိဘောဂပစ္စည်းတွေ ရေထဲမှာ မျောပါနေတာကိုတွေ့လိုက်ကြတော့မှ စိတ်ဓာတ်တွေ ကျဆင်းသွားပြန်ရော။

ကျမ စိတ်လှုပ်ရှားရင် အပေါ့သွားတတ်တဲ့အကျင့်ရှိပါတယ်။ ဒါကြောင့် ကျမ သင်္ဘောအောက်ထပ်ကိုဆင်းပြီး အိမ်သာဆီကို ခပ်သွက်သွက် သွားလိုက်တော့ သင်္ဘောက စောင်းနေတာကြောင့် အိမ်သာတံခါးကို အလုံပိတ်လို့ မရပါဘူး။ အမြန်သွားပြီး ပြန်အထွက်မှာ သင်္ဘောဝမ်းဗိုက်ဆီ ကြည့်လိုက်တော့ ရေတွေ ပြည့်နေပြီ၊ အပေါ်ကို ညီဘို့ ငါးလက်မလောက်ပဲ ကျန်တော့တယ်။ ကျမ အပေါ်ထပ်ကို အမြန် ပြေးတက်ပြီး သူငယ်ချင်းတွေကို အကျိုးအကြောင်း ပြောပြ၊ နောက်ပြီး ပါလာတဲ့ မာမားခေါက်ဆွဲထုတ်တွေ ဖောက် စားခိုင်း၊ လိမ္မော်ရည် ပလပ်စတစ်ဘူးတွေ ဖွင့်သောက်ခိုင်းထားလိုက်တယ်။ ရာသီဥတုက သာယာနေပါတယ်။ ရေပြင်ကတော့ သင်ဖျူးဖျာ ခင်းထားသလိုပါဘဲ။ လေတိုက်နှုန်းကတော့ တနာရီ မိုင်သုံးဆယ်နှုန်းလောက် ရှိမယ် ထင်ပါတယ်။

ကျမတို့က ဖိုးဖြူရှိရာ သူ့အကိုအခန်းဘက်ဆီသွားတော့ ဖိုးဖြူကိုတွေ့ရတယ်။ အဲဒီမှာ အိန္ဒိယနိုင်ငံကလို့ ထင်ရတဲ့ မြတ်စွာဘုရား ရုပ်ပွားတော်တဆူကို ဖူးတွေ့လိုက်ရတယ်။ လက်တဖက်က ဆေးခွက်ကို ကိုင်ထားတဲ့ပုံ ပါ။ (ဘေသဇမုဒြာ ဖြစ်ပါတယ်) ကျမက အဲဒီ ရုပ်ပွားတော်လေး တောင်းတော့ ဖိုးဖြူက ယူလို့ ပြောတာကြောင့် ပုံတော်ကို နံရံက ခွါယူလိုက်ပြီး ကျမရဲ့အိတ်ကပ်ထဲကို ထည့်လိုက်ပါတယ်။ အိမ်က ယူလာတဲ့ ပရိတ်ကြီး ၁၁ သုတ် စာအုပ်အသေးရယ်၊ မှတ်ပုံတင်ရယ်၊ ဘဘဦးနုက ဦးတင်မောင်ဝင်း (ခေတ်ပြိုင်) ထံ ပေးလိုက်တဲ့ စာရယ်၊ ကိုမိုးသီးဇွန်က မောင်မောင်ကျော်ဆီ ပေးတဲ့စာပါ (အကြောင်းအရာကိုတော့ အထက်မှာ ဖော်ပြထားပြီးပါပြီ။) စာတွေအားလုံးကို ကျမရဲ့ ဂျင်းအင်္ကျီ အနွေးထည်အိတ်ထဲမှာ ထည့်ထားလိုက်ပါတယ်။

(မှတ်ချက်။ ။ ဒီအကြောင်းအရာကို “သီရိဇေယျာ (၂)“ ဆောင်းပါးအဖြစ်ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ ယခု ရေးနေသည့် အခန်းဆက် ဆောင်းပါးတွင် သမိုင်းဖြစ်စဉ်တခုအဖြစ် ပါဝင်နေသည့်အပြင် သမိုင်းအရ ဆက်စပ်နေပါသဖြင့် စာဖတ်သူများတဆက်တည်း ဖတ်စေလိုသည့်စေတနာကြောင့် ဖော်ပြလိုက်ရပါသည်။)
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Oct 12 2012 08:48 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005