အတိတ်မှ အရိပ်များ (၅)
ခင်စန်းနွယ် - အတိတ်ကအရိပ်များ
နောက်တော့ ကျမတို့ ကျောက်ကုန်းကအိမ်မှာ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနုတို့နဲ့တွေ့ဆုံရပါတယ်။ ကျောင်းသားခေါင်းဆောင်များ စုံစုံညီညီ တက်ရောက်ကြပြီး ကြားဖြတ်အစိုးရဖွဲ့ဖို့ ဆွေးနွေးကြတာပါ။ အဲဒီနေ့က ကျမ မှတ်မိသလောက်တော့ လူပေါင်း ၁၀၈ ယောက် တက်ရောက်ခဲ့ကြပါတယ်။ ဘဘဦးနုက တရားဝင် အာဏာသိမ်းလိုက်မယ်၊ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ဘက် လှည့်ပြီး သမီးကို အာဏာ လွှဲပေးမယ်လို့ ပြောပြီး ဒါမှ တရားဝင် လုပ်နိုင်မယ်လို့ ဘဘနုက ပြောပြတယ်။
ဒီ ကိစ္စကို အားလုံးက သဘောတူ လက်ခံအပြီးမှာ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဖို့ သွေးထိုးပေးပါတယ်။ ကျမတို့ တပ်ဦးက မြန်မာ့အလင်းသတင်းစာတိုက်မှာ ညောင်တုန်းကျောင်းတိုက်က ဆရာတော် သံဃာတော်အပါး ငါးဆယ်နဲ့အတူ လြုံခုံရေးတာဝန်ယူနေစဉ် ည ၁၂ နာရီခန့်မှာ ကြားဖြတ်အစိုးရဖွဲ့မှာကို သဘောမတူကြောင်း သတင်းစာတိုက်ကို စာတစောင် လာပေးသွားပါတယ်။ မနက်လင်းလို့ သတင်းစာထွက်လာတော့အပေါ်က ကြားဖြတ် အစိုးရ ဖွဲ့စည်းကြောင်းနဲ့ အောက်မှာက သဘောမတူကြောင်း ပါလာ ပါပကော။ ဒီအခါမှာ လူကြီးတွေရဲ့ မညီညွတ်မှုကို သိရပြီး အားလုံး စိတ်ဓာတ် ကျကုန်ပါရော။ ကိုဇာနည်က ကျမကို သံလျှင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ လေးမြို့နယ် စည်းရုံးရေးမှူး တာဝန်ပေးထားပြန်ရာ တနေ့တနေ့ ကျမမှာ အထွေထွေ သပိတ် ကော်မတီ တာဝန်၊ SCS တာဝန်၊ တပ်ဦး တာဝန်တွေနဲ့ မောပန်းဖို့တောင်မှ အချိန် မရှိပါဘူး။
ကျမတို့ ကိုကိုကြီး (ဗကသ) နဲ့ စကားပြောပြီး ပြန်လာတော့ ကျမကို ဦးဦးခိုင်က လာရှာတာနဲ့ ဆုံကြပြီး သူ့ကို ကိုဇာနည်ဆီကို ခေါ်သွားလိုက်တယ်။ ကိုဇာနည်က သရက်တောကျောင်းတိုက်ကို ခေါ်သွားပြီး နှစ်ကျိပ်ရှစ်ဆူကျောင်းမှာ ဦးသြဘာသ၊ ဦးဣန္ဒာစာရ တို့ ဆရာတော်ကြီးနှစ်ပါး အပြင် လေတပ်က ကိုတင်ဦး (တပ်ကြပ်ကြီး)၊ ကိုတင်ကြိုင် (တပ်ကြပ်ကြီး)၊ ကိုကြည်လှိုင် (တပ်မတော် ရေ တပ်ကြပ်ကြီး)၊ ကိုလှထွန်း (တပ်မတော် ရေ တပ်ကြပ်ကြီး)၊ ကိုကျော်ဝင်းစိန် (ခလရ ၁၆)၊ ကိုတင်မောင်ဋ္ဌေး (ခလရ ၁၆) တို့နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်းမှာရှိတဲ့ ဗိုလ်မှူးအောင်ရဲ့အိမ်ကို မနက်လာဖို့ ကျမကို ချိန်းပြီး ပြန်သွားတယ်။ ကိုဇာနည်က အလုပ် အလွန်များသူ ဖြစ်တယ်။ ကျောင်းသားအဖွဲ့များနဲ့လည်းကောင်း၊ အလုပ်သမားအဖွဲ့များနဲ့လည်းကောင်း သပိတ်ကော်မတီ လူကြီးများနဲ့လည်းကောင်း ဆရာတော် ဦးခေမာစာရ (ရဟန်းပျိုသမဂ္ဂ ဥက္ကဋ္ဌ) နဲ့ တွေ့ဆုံပြီး တနိုင်ငံလုံး သပိတ်စခန်းများနှင့် ဆက်သွယ်ကာ ကြွေးကြော်သံများ၊ တောင်းဆိုမှုများ တူညီဖို့ အဆင့်တိုင်းမှာ တူညီဖို့ ဆွေးနွေးခြင်း၊ အကြံပေးခြင်း စတဲ့ အလုပ်များနဲ့ အလွန် အလုပ်များပါတယ်။ ဒါတင် မကသေးပါဘူး။ စံပြရုပ်ရှင်ရုံမှ ဒေါ်နုနုအေး (တပ်ကြပ်ကြီး) နဲ့ ရဲဘော်များကို ထိမ်းသိမ်းကာ ပြဿနာ ဖြေရှင်းပေးရတဲ့အလုပ်ကိုလည်း လုပ်နေရပါသေးတယ်။ အဲဒီအချိန်မှာတော့ အစိုးရယန္တရား တခုလုံး ပျက်စီးနေပါပြီ။
နောက်နေ့မှာ ကျမတို့ တိုင်းပြည်အတွက် ကြီးမားသော စီမံကိန်းတခု ရေးဆွဲခဲ့တာကို သိရှိခဲ့ရပါတော့တယ်။ ထိုစီမံကိန်းအကြောင်းကို လုံခြုံရေးအခြေအနေအရ ယခု ရေးသားခြင်း မပြုတော့ပါ။ နောင်တချိန်တွင် ရေးသား တင်ပြပါမယ်။
ဘဘနုက ကျမကို ခေါ်ခိုင်းတယ်ဆိုတာကြောင့် လိုက်သွားတော့ ကိုဇာနည်ကို ကာဘိုင်တလက် ၃၀၀၀ ကျပ်နဲ့ (၅) လက်ဝယ်ဖို့ ငွေတသောင်းခွဲ ပေးအပ်ခဲ့တယ်။ ကိုဇာနည်က ကိုတင်ဦး (လေတပ်) ၊ ကိုကျော်သန်း (NIDF) (ယခု အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့) နှင့် ဇော်ဇော် (မြိတ်) တို့ ပြန်မလာသေးလို့ စိတ်ပူကြောင်း ပြောပြပြီး ကျမကို လိုက်သွားစေချင်ကြောင်း ပြောပြန်ပါတယ်။ ကျမက ဟုတ်ကဲ့လို့ပြောပြီး ထွက်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဗဟန်းအထက (၁) မှာ သပိတ်စခန်း ဖွင့်ထားချိန် ဖြစ်ပြီး ဗကသ အဖွဲ့က ဦးဆောင်ပြီး ဖိုးဖြူနဲ့ ထားဝီးတို့ ကျောင်းသားများ အစာငတ်ခံ ဆန္ဒပြနေကြနေချိန်လည်း ဖြစ်ပါတယ်။ ဆန္ဒပြတဲ့နေရာသို့ ဦးနု၊ ချိုချိုကျော်ငြိမ်း၊ မင်းကိုနိုင်တို့ လာရောက်အားပေးကြပါတယ်။ ကြယ်စိမ်းအဖွဲ့မှ တင်မောင်လွင်၊ မော်ကြီးတို့နဲ့လဲ ဆက်သွယ် လှုပ်ရှားခဲ့ကြရာ စိတ်ဓာတ်အားဖြင့် အလွန်တက်ကြွချိန်လဲ ဖြစ်ပါတယ်။
နောက်နေ့မှာ ကျမနဲ့ ကိုထွန်းထွန်းဦးတို့ နှစ်ဦ့း တွေ့ဆုံဖြစ်တယ်။ ဘဘနုရဲ့အိမ်မှာ ဗိုလ်မှူးအောင်၊ သီရိပျံချီ ဦးသန်းစိန်၊ ကိုဇာနည်တို့ တွေ့ဆုံခဲ့ပြီး ဘဘနုက ကျမကို ငွေ ၃၀၀၀ ကျပ် ပေးပါတယ်။ သူ ခိုင်းတဲ့တာဝန်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်ချစ် ဗဟို လူငယ် တာဝန်ခံဟောင်း ဦးတင်မောင်ဝင်း (ခေတ်ပြိုင်) ဆီကိုသွားပြီး သူနဲ့ တိုင်ပင်ကာ ထိုင်းဘုရင်မင်းမြတ် ကိုးကွယ်တဲ့ နန်းဦးဆရာတော် သီတင်းသုံးတော်မူတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက “ပဂျော့” ကျေးရွာအနီး မြန်မာဒုက္ခသည်စခန်းဖွင့်ရန် လျှောက်ထားဖို့ပါပဲ။ ဗိုလ်မှူးအောင်က “ကမ်ပူးချား ဒုက္ခသည်စခန်းဖွင့်ဖို့ ကမ်ပူးချားနိုင်ငံကို တောင်းပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ သင်တန်းတွေ ပေးရမယ်။ တော်လှန်ရေး အခြေခံစခန်းလုပ်ပြီး ပြန်လည် တိုက်ပွဲဝင်ရမယ်။ ဒို့တွေအနေနဲ့ အခု နိုင်ငံရေးအရ တောင်းဆိုမှုတွေမှာ ညီညွတ်မှု မရှိသေးဘူး။
ဒါကြောင့် မကြာခင်မှာ အစိုးရဟာ အာဏာသိမ်းနိုင်တယ်။ စစ်တပ်ကသိမ်းရင် လူတွေ ထွက်ပြေးရလိမ့်မယ်။ ဒီအခါမှာ အားလုံး ခိုလှုံနိုင်အောင် အခုထဲက စီစဉ်ထားရမယ်။“ လို့ ပြောကြားခဲ့တယ်။ နောက်တခုကတော့ တနင်္သာရီတိုင်းက ကရင် လွတ်မြောက်ရေး တပ်မတော် မိုးထောင်စခန်းက ဗိုလ်မိုက်ကယ်နဲ့ တွေ့ဆုံပြီး စီမံကိန်းအတွက် လက်နက်အကူအညီရဖို့ကိစ္စ ဆွေးနွေးရမယ်လို့ ပြောပါတယ်။
အဲဒီအချိန်မှာ ကိုမိုးသီးဇွန်လည်း ရောက်နေတော့ မောင်မောင်ကျော်ဆီကို စာတစောင်ပို့ဖို့ ကိုမိုးသီးဇွန်က ပေးလိုက်တယ်။ စာထဲမှာတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ ကိုမိုးသီးဇွန်က လူ့ဘောင်သစ်ပါတီ တည်ထောင်ပြီး နိုင်ငံရေးအင်အား၊ ကျောင်းသားအင်အား စုစည်းမယ်။
ကိုမင်းကိုနိုင်ကို တောခိုပြီး နိုင်ငံရေး လုပ်စေချင်တာ ဒါပေမယ့် သူက ဗမာပြည်မှာပဲနေပြီး နိုင်ငံရေး လှုပ်ရှားမယ်လို့ သိရတဲ့အကြောင်း ရေးထားတာပါ။
အဲဒီကိစ္စအတွက် လေတပ်က ကိုတင်ဦး၊ ကိုကျော်သန်း၊ကိုမြဇော် နဲ့ ကိုဇော်ဇော်တို့ကို လွှတ်လိုက်တာ ပြန်ရောက်မလာလို့ လူကြီးတွေ စိတ်ပူပြီး ကျမကို ထပ်ပြီး စေလွှတ်တာ ဖြစ်ပါတယ်။ ကျမနဲ့ ကိုထွန်းထွန်းဦးကို ဆိပ်ကမ်းမှာရှိတဲ့ အောင်ငွေသိမ်းစက်လှေဆီကို ကိုဇာနည်နဲ့ ဦးဦးခိုင်တို့က လိုက်ပို့ပါတယ်။ ကိုဇာနည်က ကျမကို ပြုံးပြပြီး ကျန်းမာရေးဂရုစိုက်ဖို့နဲ့ သတင်းပြန်ပို့ဖို့ မှာပြီး သူတို့ ပြန်သွားကြတယ်။ ညနေ ခြောက်နာရီလောက်မှာ စက်လှေ ထွက်ခွါတော့မှ ရန်ကုန်ဆိပ်ကမ်းရဲ့အလှကို သတိပြုမိပါတယ်။ နီရဲနေတဲ့နေလုံးကြီးက မြစ်ရေပြင်ကို အရောင်ခြယ် နေပါတယ်။ ဇင်ယော်ငှက်တွေကလည်း ထုံးစံအတိုင်း သင်္ဘောရဲ့နောက်ကနေ လေဟုန်စီးလိုက်၊ ရေပြင်ပေါ်ထိုးဆင်းပြီး လှိုင်းစီးလိုက်နဲ့ သဘာဝအတိုင်း သီဆို မြူးတူးနေကြပါတယ်။ သဘာဝရဲ့အလှတရားတွေကို ခံစားနေရင်းက အတွေးတွေက ရန်ကုန်မြို့ကြီးရဲ့အနိဋ္ဌာရုံ တွေ၊ သေနတ်သံ၊ ယမ်းငွေ့နံ့နဲ့ လမ်းမပေါ်က သွေးတွေ စသည် စသည်တို့ဆီ ရောက်သွားပါတယ်။ သင်္ဘောနဲ့ခရီးသွားတာကတော့ ဒါ ပထမဆုံးမို့ မြင်ကွင်းတွေက အသစ်အဆန်းတွေပါ။
အောင်ငွေသိမ်းစက်လှေပေါ်မှာက ထမင်းဆိုင်ရယ်လို့ သီးသန့် မရှိပါဘူး။ သူတို့ ချက်ကျွေးတာကိုပဲ စားရတာပါ။ ဘူးသီးနဲ့ ငါးလိပ်ကျောက်သားဟင်းက စားရတာ အရသာ ရှိလိုက်တာ မပြောပါနဲ့တော့။ သင်္ဘောပေါ်ကလူတွေက အလွန် ရိုးသားသူတွေ ပါ။ ပွင့်လင်း ရိုးဖြောင့်လို့ ဆက်ဆံရတာ စိတ်ချမ်းသာမှုအပြည့်ပါ ပဲ။ စကားသံတွေက ၀ဲနေတော့ ခဏခဏ မေးနေရတယ်။ သူတို့ကလည်း ရယ်ရယ်မောမောနဲ့ ပြန် ရှင်းပြလို့ ကြည်နူးစရာပါပဲ။ ထားဝယ်တိုင်းရင်းသားတွေ ပါ။ ခင်မင်စရာ ကောင်းလိုက်တာ။
သူတို့က စက်လှေ အတွေ့အကြုံ အနည်းဆုံး ဆယ်နှစ် ရှိကြပြီ။ သူတို့ညီအကိုတွေ အစဉ်အဆက် စက်လှေလုပ်သားတွေပဲ လုပ်ကြတယ် ဆိုပဲ။ အချို့ကလည်း ထိုင်းနိုင်ငံဘက် ရနောင်းမှာ အလုပ် သွားလုပ်ကြတာ များတယ် တဲ့။ ထားဝယ်မြို့မှာက စီးပွားရေး အဆင်မပြေကြဘူး၊ ရေလုပ်သားတွေ များတယ်။ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြတာလည်း ယောင်္ကျား၊ မိန်းမအရေအတွက် သောင်းဂဏန်းအထက်မှာ ရှိကြောင်း ပြောပြကြတယ်။ ဟိုးယခင်ကတည်းက ထိုင်းနိုင်ငံက ကုန်ပစ္စည်း သယ်ပြီး မြန်မာပြည်မှာ ပြန်ရောင်းတဲ့ လုပ်ငန်း လုပ်နေကြတာ ဖြစ်ကြောင်းလည်း သိခဲ့ရတယ်။ သူတို့က အားလုံးလိုလိုပဲ ထိုင်းစကား တတ်နေကြတယ်။ မိန်းကလေးအချို့က ထိုင်းနိုင်ငံမှာ အိမ်ဖော်အလုပ်လည်း လုပ်ကြရတယ်။
စက်လှေတခုလုံးဆူညံနေလို့ ဘာဖြစ်တာလဲဆိုတာ ထမင်းချက်တဲ့ ဦးကြွယ်ကို မေးကြည့်တော့ သူတို့စက်လှေသား တယောက် ထိုင်းနိုင်ငံကဖွင့်တဲ့ ချဲထီပေါက်လို့ ပျော်နေကြတာလို့ပြောပါပြတယ်။ ကျမက ချဲထီ (သုံးလုံးထီ) အကြောင်းကို မသိလို့ စပ်စုမိတော့ ဦးကြွယ်က ပြည့်ပြည့်စုံစုံ ရှင်းပြလို့ သိခဲ့ရပါတယ်။ မြန်မာပြည်သားတွေ စီးပွားရေးချွတ်ခြုံကျမှုကြောင့် အခုလို တခြားနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ်နေကြရတာပါ။ မိသားစုတွေနဲ့ ခွဲခွါနေကြရတယ်။ ကျမအတွေးထဲမှာ ကျမတို့နိုင်ငံအတွက် ကောင်းမွန်တဲ့ စနစ်တခုနဲ့ ဖြောင့်မတ် မှန်ကန်တဲ့ ခေါင်းဆောင်တွေ လိုအပ်နေတာကို တွေးမိလိုက်တယ်။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ (၅) ခင်စန်းနွယ် - Sep 28 2012 09:16 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ခင်စန်းနွယ် ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
