အတိတ်မှ အရိပ်များ (၁၇)
ထမင်းစားချိန်ကျတော့ ထမင်းပန်းကန်မှာ ငါးပိစိမ်းစားပြဲပြဲ တဇွန်းကော်ထဲ့ထားပြီး ပဲဟင်းတဇွန်း လောင်းထဲ့ပေးလိုက်တယ်။ ကျမလည်း ကြည့်ရတာ စိတ်ညစ်ညစ်နဲ့ စပါးလုံး ရွေးလိုက်တာ ဘုရားစူးစေတော့ စပါးလုံး ၆၄ လုံး ရပါတယ်။ ငါးပိစိမ်းစားကလဲ နံဟောင်နေတာပါဘဲ။ ပဲကလည်း ဆင်ခေါင်းပဲခေါ်တဲ့ ပဲပြူးပြူးမဲမဲကြီးတွေ ပါ။ ကျမလည်း စားချင်စိတ်မရှိတော့ မစားဘဲ ထိုင်နေမိပါတယ်။ ညနေကျတော့ ဟင်းနုနွယ်တွေကို အပင်လိုက် ခုတ်ပြီး အိုးထဲပစ်တဲ့ထားတဲ့ ဟင်းချို ပေါ့။
သူတို့ ထောင်အခေါ်ကတော့ တာလပေါဟင်း ပေါ့၊ ငါးပိစိမ်းစားတကော်နဲ့ ပေးပါတယ်။ ထမင်းလာပို့တဲ့ ထောင်ကျ အမျိုးသမီးလေးက “အမ ထမင်းလဲ မစားပါလား။ စိတ်မညစ်နဲ့၊ စားပါ” လို့ ပြောပြီး ကျမရဲ့မိလ္လာအင်တုံကို ယူသွားပြီး အပြင်ဘက်က စဥ့်အိုးကြီးထဲ သွား သွန်ပေးပါတယ်။
ထောင်ထဲမှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း အသားဟင်း ကျွေးပါတယ်။ ပင်လယ်ငါးကြော်နဲ့ စပါးလုံးလေးတွေ စိမ်ပြေးတမ်းကစားပြီး ဖယ်လိုက်။ မှတ်မှတ်ရရ ထမင်း ၁၀ လုတ် စားဖြစ်ခဲ့တယ်။ ညနေ မိုးချုပ်တော့မှာကို ကျမ အလွန်ကြောက်မိပါတယ်။ ချမ်းတာက စိမ့်လာလို့ပါပဲ။
ကျမကို ရေချိုး လုံးဝ မထုတ်ပါဘူး။ စကားလည်း မပြောကြပါဘူး။ မိလ္လာ သွန်ပေးတဲ့ ကလေးမလေးကို မေးကြည့်တော့ “အမကို စကားပြောရင် ပုံစံပြည့် ၃၅ ချက် အရိုက်ခံရမယ်” လို့ အမိန့်ထုတ်ထားကြောင်း သိခဲ့ရပါတယ်။ ထောင်ဝါဒါ သက်သက်မွန်ဆိုတာက အလွန် ကြမ်းတမ်းပါတယ်။ အမျိုးသမီး အဆောင်တင် မကဘူး၊ ယောင်္ကျားလေးဆောင်ပါ သူ့ကို လန့်ကြပါတယ်။ ဆဲတာဆိုတာကလည်း
မကြားဝံ့မနာသာ ပါ။ သူကလည်း ညဘက်ရောက်ရင် အခြောက်တိုက်လာပြီး ကျမကို ကြိမ်းမောင်းပါတယ်။ “နင်က သူပုန်မဆို ကောင်းကောင်း နေ၊ မနေလို့ကတော့ ငါနဲ့ တွေ့မယ်” တဲ့။ ဒီလိုနဲ့ ၁၂ ရက်မြောက်နေ့မှာ ကျမ မနေနိုင်တော့ဘူး။ ထောင်မှူး သင်းသင်းအောင်ကို ရေချိုးဖို့ခွင့်တောင်ရတော့တယ်။ သူကလည်း ကိုယ်ဝန်ကြီးနဲ့ ၈ လလောက် ရှိမယ် ထင်တယ်။ တန်းစီးဖြစ်တဲ့ မကြူကို ခေါ်ပြီး “သူ့ကို ရေချိုးထုတ်လိုက်” လို့ အမိန့်ပေးပါတယ်။ ကျမက ရေလဲထမိန် မရှိဘူးဆိုတော့ အဆောင်ထဲက ထမိန်စုတ်တထည် တောင်းပေးပါတယ်။
အုတ်ကန်ထဲက ရေကို ၁၀ ခွက် ချိုးခွင့်ပေးပါတယ်။ အင်္ကျီနဲ့ထမိန်ကို ရေနဲ့ ပွတ်လျှော်ပြီး ထောင်က စနေနေ့မှာ လာပေးတဲ့ ပုံစံဆပ်ပြာ လက်သန်းလုံးလောက်လေးနဲ့ ပွတ်ပြီး လျှော်လိုက်ပါတယ်။ အခန်းထဲပြန်ရောက်တော့ သံတိုင်မှာ အ၀တ်လှမ်းပြီး နေ နေရတယ်။ အဲဒီညက လုံးဝ မအိပ်ခဲ့ရပါဘူး။
နောက်တနေ့ ကြာသပတေးနေ့က ညွှန်မှူးတန်းစီတဲ့နေ့ ဖြစ်တော့ ကျမကို ဘာပြောစရာရှိသလဲလို့ မေးပါတယ်။ “အရမ်း ချမ်းတယ်။ စောင် လိုချင်တယ်၊ အ၀တ်အစားလည်း မရှိဘူး” လို့ ပြောတော့ထောင်မှူးကို ပုံစံအင်္ကျီ၊ လုံချည်နဲ့ စောင်ထုတ်ပေးဘို့ ပြောပါတယ်။ ထောင်မှာက အချုပ်သားကို ပုံစံအင်္ကျီ၊ လုံချည်တို့ မပေးပါဘူး။ ထောင်ကျသွားမှသာ ပေးတာ။ ကျမကို စောင့်ကြည့်ရတဲ့ ၀ါဒါနံမည်က မနိုင်နိုင်ဦး တဲ့။ ချောတယ်၊ ရုပ်ရှင်မင်းသမီး နှင်းဆီနဲ့ တူတယ်။ စိတ်ထားကောင်းပါတယ်။ ကျမကို ငါးကြော်ဝေတဲ့နေ့ကျရင် အချုပ်က ရုံးထုတ်ရာမှာ လွတ်သွားတဲ့၊ အာမခံရသွားတဲ့သူတွေအတွက် ခွဲတမ်းတွေ ပိုနေရင် တိုက်ထဲ လာ၊ ငါးကြော်တွေ အကုန် ပေးပြီး “မဗိုက် စားလိုက်” လို့ ပြောပြီး ထွက်သွားပါတယ်။ နောက်တယောက်ကတော့ ထောင်ဝါဒါ မချို ပါ။ ညဘက် ညဘက် ဂျူတီစောင့်ချိန်ဆိုရင် ကျမအတွက် ထမင်းပိုထဲ့လာပြီး ငါးပိရည်၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်မှုန့်နဲ့ ဖြူးထားတာလေး အမြဲ ကျွေးပါတယ်။ ငတ်နေတော့ တော်တော်စားလို့ ကောင်းပါတယ်။ တလလောက်ကြာတော့ ကျမနဲ့ တိုက်ချင်းနီးတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ သခင်ဇင်ရဲ့ဇနီးဒေါ်ကြည်ကြည်က ပေါင်မုန့်ထောပတ်သုတ်နဲ့ ငါးပိကြော်တွေကို ပလပ်စတစ်အိတ်ကလေးနဲ့ ပတ်ပြီး မိလ†ာသမားကနေ တဆင့် ပို့ပေးလာပါတယ်။
ဒီလိုနဲ့နေရင်းက သုံးလပြည့်ဖို့ တပတ်အလိုမှာ လှိုင်မြို့နယ် ဥပဒေ၀န်ထမ်း အမျိုးသမီးက ကျမကို ထောင်ဗူးဝရုံးခန်းထဲမှာခေါ်ပြီး ထောက်လှမ်းရေး ၇ မှာ စစ်ဆေးတုန်းက အချက်အလက်တွေ ဖတ်ပြပြီး မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။ တပတ်ကြာပြီး သုံးလပြည့်တဲ့နေ့မှာ ကျမနဲ့ ကိုထွန်းထွန်းဦးကို ရုံးထွက်ရမယ်ဆိုပြီး လက်ထိပ်ခတ်ပြီး အချုပ်ကားပြာကြီးနဲ့ ခေါ်သွားပါတယ်။ ထောင်ဗူးဝရှေ့မှာရှိတဲ့ စစ်ခုံရုံးမှာ တပ်မတော် ကြည်း၊ ရေ၊ လေက ဗိုလ်မှူးအဆင့်လောက်ရှိတဲ့လူ သုံးဦး ထိုင်နေပြီး ကျမတို့ကို ရေတပ်က ဗိုလ်မှူးကျော်ဆန်းလင်းက ကျောင်းသားတပ်မတော် ၇၀၁ ကိုတောခိုမှုအတွက် ၁၇/၁ ပုဒ်မ တပ်ပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။ ဘာမှ စစ်ဆေးမေးမြန်းခြင်းလည်း မရှိပါဘူး။ သူတို့ရှေ့မှာရှိတဲ့ စာအိတ်တအိတ်ကို ဖောက်ပြီး ဖတ်ပြတာပါ။ ကျမတို့ဘေးမှာလည်း ရဲဝတ်စုံနဲ့ လက်နက်ကိုင် ၁၅ ယောက်လောက် စောင့်နေပါတယ်။ ကျမတို့ ဗဟန်းနယ်မြေက စစ်ထောက်လှမ်းရေး စိုးမြင့်လည်း ရှိပါတယ်။ တရားလိုကတော့ သတင်းတပ်ဖွဲ့ (SB) က မြင့်အေး ပါ။
ပြီးတော့ ကျမကို အချုပ်ခန်း ပြန်ပို့ပါတယ်။ ပြန်လာပို့ချိန်မှာ ထောင်မှူးအမျိုးသမီးက ထောက်လှမ်းရေးတွေကို လှမ်းမေးပါတယ်၊ “ထောင်ကျဆောင် ပို့လိုက်ရမလား” တဲ့။ သူက သတင်းတပ်ဖွဲ့ (SB) မှာ လက်မှတ် မထိုးရသေးဘူးလို့ ပြောပါတယ်။ အဲဒီနေ့က ခိုးမှုနဲ့ အချုပ်ခံထားရတဲ့ ဆင်မလိုက်လို့ နံမည်ပြောင် အခေါ်ခံရတဲ့ ၀၀ဖိုင့်ဖိုင့် အမျိုးသမီးတယောက် ကျမကို စကားလာပြောလို့ အကြီးအကျယ် အရိုက်ခံရတယ်။ ကျမ စိတ် တော်တော် မချမ်းမသာ ဖြစ်ရပြန်တယ်။
အရေးအခင်းတုန်းက ခေါင်းဖြတ်သတ်မှုအတွက် အဖမ်းခံရတဲ့ မချူးက ကြိုးတိုက်မှာ သေဒဏ် ကျနေတယ်။ လားရှိုးမြို့မီးသတ်ဌာနက အုပ်ချုပ်ရေးမှူး ဒေါ်မြသူလည်း သေဒဏ် ပါ။ (ထောင်ထဲမှာပဲ ရောဂါနဲ့ သေဆုံးသွားပါတယ်)။ဒေါ်ညွန့် (သေဒဏ်)၊ သူက သင်္ကန်းကျွန်းမြို့နယ်က ပါ။
ကျမ စိတ်အားတော့ မငယ်ပါဘူး။ ဒါပေမယ့် ထောင်ထဲမှာ ၅ နှစ် နေရမယ်ဆိုတဲ့ အသိနဲ့ ကလေး မီးဖွားရမယ့်ကိစ္စတွေကို စဉ်းစားရင်း ရင်ထဲမှာ မောလာပြီး ခေါင်းက သန်းတွေကလည်းယားတာနဲ့ စိတ်ပျက်လက်ပျက် ထိုင် ငိုင်နေမိပါတယ်။
သုံးလပြည့်တဲ့နေ့မှာ ကျမကို အချုပ်ဆောင်တိုက်ကနေပြီး သတင်းတပ်ဖွဲ့ (SB) က ရဲအရာရှိနှစ်ယောက် လာခေါ်ပြီး ထောင်ကျဆောင် (၇/၈) ကို ရွှေ့လိုက်ပါတယ်။ ထောင်ကျဆောင်ရဲ့ထောင်မှူးဒေါ်အေးအေးသန်း (ရေမှာ မြွေပွေး၊ ကုန်းမှာ စိန်ဋ္ဌေးလို့ နည်မည်ကြီးတဲ့ ထောင်ပိုင်ကြီး စိန်ဋ္ဌေးရဲ့သမီးပါ) ဒါပေမယ့် သူဟာ အလွန်ထူးခြားပါတယ်။ သူ့ရဲ့အပြုံးနဲ့ လူတဖက်သားကို စိတ်ချမ်းသာစေတဲ့အပြင် ကြင်နာတတ်တဲ့ မျက်ဝန်းကလေးက ဂရုဏာကို ပုံဖော်နေပါတယ်။ ကျမကို ဆက်ဆံတာလဲ အတော့်ကို ကောင်းပါတယ်။ နှိမ့်ချတဲ့ အပြောအဆိုမျိုး လုံးဝ မရှိပါဘူး။
ဒေါ်အေးအေးသန်းရဲ့ရုံးရှေ့မှာ ထိုင်စောင့်ရပါတယ်။ ကျမကို ရုံးခန်းထဲခေါ်ပြီး ကိုယ်အမှတ်အသား၊ မျက်နှာပါ အမှတ်အသားကို စစ်ဆေးပြီးနောက် လက်ခံလိုက်ပါတယ်။ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ကျမကို အောက်ထပ် ဘုရားခန်းရှေ့မှာ နေရာချပေးပါတယ်။ အောက်ထပ်မှာက ကလေးအမေတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေကို ထားတာပါ။ ထောင်အခန်းထဲအ၀င်မှာ လာကြိုတာက လှိုင်လှိုင်မြင့် (ရကသ) နဲ့ မ၀ီ (ခ) မငွေသန်း (KNU) တို့က လာခေါ်ပြီး ပလပ်စတစ်ခွက်၊ ပန်းကန်၊ ဇွန်းတွေ ပေးပါတယ်။ ဒေါ်မိကခေါ်ပြီး ထမင်း ကျွေးပါတယ်။ သူက KNU ကို ကျောင်းသားတွေ ပို့ပေးလို့ထောင် ၈ နှစ်ကျနေတဲ့ သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါ။ အားလုံးကလည်း သူတို့မှာရှိတဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်တွေနဲ့ ထမင်းလည်း ကျွေးပါတယ်။ လှိုင်လှိုင်မြင့်က ပုဒ်မ ၁၇ နဲ့ ၄ နှစ်၊ မ၀ိက ၈ နှစ်၊ (၁၇/၁)ပုဒ်မနဲ့ဘဲလို့ ပြောပါတယ်။ ပြီးတဲ့အခါကျတော့ အပေါ်ထပ်က (၅/ည) ပုဒ်မတွေနဲ့ ထောင်ကျနေတဲ့ လှလှထွေး (ခ) ဘဲရှုပ် (နော်ဝေ)၊ ခင်စန္ဒာမင်း (ရွှီး) (အခုတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော်အမတ် ဖြစ်နေပါပြီ) ၊ မြအေးဝင်းတို့၊ ခင်ဌေးရီ (ခေါ်) မတူး (တသက်တကျွန်း)၊ အများကြီးပဲ ရောက်လာကြပြီး ကျမခေါင်းကို ဘီးတွေနဲ့ ဖြီး၊ သန်းတွေ ၀ိုင်းရှာပေးကြပါတာ သန်းအကောင် ၃၀၀ ကျော်တောင်မှပါ ပဲ။ ကျမလည်း နည်းနည်းတော့ အားရှိသွားခဲ့ပါတယ်။
အဲဒီအချိန်မှာ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ အာဇာနည်နေ့မှာ ချီတက်ခဲ့လို့ စစ်တပ်က ဖမ်းဆီး ရိုက်နှက်ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တွေ များပါတယ်။ ကျမ မှတ်မိသလောက် ပြန် ပြောရရင်တော့ ဒေါက်တာ တိုးတိုးတင်၊ မစောမြတ်မာ၊ ဒေါက်တာ အေးအေးချို၊ အန်တီလွင်၊ အင်းစိန်မြို့နယ်က ဒေါ်ခင်မြင့်မြင့်၊ မိုးမိုး (သုံးခွ)၊ မြင့်မြင့်ဦးတို့ပါ ပဲ။နောက်နေ့မှာတော့ အဖွားဒေါ်ခင်ရီ (ဗိုလ်စက်ရောင်ဇနီး) နဲ့ သမီး မခင်နှင်းရီတို့က ကျမကို နေ့တိုင်း ထမင်း အတူစားပါလို့ ပြောပါတယ်။ အဖွား ကျွေးခဲ့တဲ့ ပဲတီချဉ်လေးကို ဒီနေ့အထိ မမေ့နိုင်သေးပါ။
ဟိုတလောက အဖွားဒေါ်ခင်ရီ ကွယ်လွန်တဲ့သတင်း ကြားရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ - Dec 4 2012 03:54 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ခင်စန်းနွယ် ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
