အတိတ်မှ အရိပ်များ (၁၅)

မကြာခင်မှာ ကိုစိန်မောင် မန္တလေးက ပြန်လာပါတယ်။ သူက မြေအောက်လှုပ်ရှားမှု တာဝန်နဲ့သွားတာ သန်းထွန်းစိုးနဲ့ စိုးမြတ်သူတို့လည်း ပါသွားကြတယ်။ သူတို့ ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုအရောက်မှာ ထောက်လှမ်းရေးက ၀ိုင်းပြီး ဖမ်းလို့ ပြန်ပြေးလာတာ ဖြစ်တယ်။ ကျမက ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်သွားမိတာ အမှန်ပါ။ မကြာပါဘူး သန်းထွန်းစိုး (ခ) တိုက်ပိတ် (ထောင်ကျတုံးက တိုက်ပိတ်ခံရလို့ပါ) ပြန်ရောက်လာပြန်ရော စိုးမြတ်သူ အဖမ်းခံရကြောင်းသိရတော့ စိတ်ထိခိုက်ရပြန်ပါကော။ (စိုးမြတ်သူ ထောင်အနှစ် ၂၀ ကျသွားပါတယ်) နောက်လမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကို အကျယ်ချုပ် ချလိုက်ပါတော့တယ်။ အားလုံးပဲ စိတ်ထိခိုက်ကြတာပေါ့။

တရုပ်ပြည်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ ဆက်ဆံရေးကို အနည်းငယ် ပြောပြပါ့မယ်။ ၁၉၇၆ - ၇၈ အတွင်းမှာ မော်စီတုန်းနဲ့ ချူအင်လိုင်း ကွယ်လွန်ခဲ့ပါတယ်။ နောက်တက်ခဲ့တဲ့ တိန်ရှောက်ဖိန်က တရုပ်ပြည်ရဲ့ကွန်မြူနစ်ဝါဒအောက်မှာ သန်းထောင်ကျော် ပြည်သူတွေ ငတ်မွတ်ဆင်းရဲမွဲတေနေတာ တူညီဝတ်စုံတွေ ၀တ်ပြီး ဘုံစီးပွားရေးမူဝါဒတွေ ထူထောင်ခဲ့တာ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တာတွေဟာ မှားယွင်းမှန်းသိရှိခဲ့ရပြီးတော့ အိမ်နီးနားချင်း ပေါင်းသင်း ဆက်ဆံရေးမူဝါဒတွေပါ ပြောင်းလဲပြီး ဦးနေ၀င်းနဲ့ အဆင်ပြေအောင် ပေါင်းတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီကို အင်အားချည့်နဲ့ပြီး လှုပ်ရှားမှု ရပ်တန့်အောင် ထောက်ပံ့ကြေးလောက်ပဲ ပေးထားတာပါ။ တရုပ်ပြည်ရဲ့တံခါးဖွင့်ဝါဒ ပြောင်းလဲကျင့်သုံးမှုကို တိန်ရှောက်ဖိန်က ကြေငြာခဲ့ပြီး ရဲရဲတင်းတင်း လုပ်ကိုင်လာခဲ့ပါတယ်။ မြန်မာပြည်ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသားတွေ အပြီးတိုင် လမ်းခွဲသွားအောင် မဆလ အစိုးရခေါင်းဆောင် ဦးနေ၀င်းက သyfလျှိုပြီး အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။

တရုပ်ပြည်ကလည်း မြန်မာအစိုးရကို ပံ့ပိုးခဲ့ပြီး အာရှမှာ မဟာဗျူဟာအရ အလွန်အချက်အချာကျတဲ့ မြန်မာပြည်ကို အလွန်အကျွံ ပေါင်းသင်းပါတယ်။ တိုးတက်လာတဲ့ စီးပွားရေးအရ ငွေကြေးပုံအောပြီး စစ်လက်နက် တွေ ရောင်း၊ သစ်တော၊ ကျောက်စိမ်း သဘာဝတိရိစ္ဆာန်၊ သတ္ထုမိုင်းအပြင် ဗမာအမျိုးသမီးတွေကိုပါ သိမ်းပိုက်တဲ့ကာလ၊ ၁၉၈၈ နောက်ပိုင်းတက်လာတဲ့ စစ်အာဏာရှင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေလက်ထက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်ကိုပါ ဖိအားပေးလာပါတယ်။ တရုပ်က ကချင်လွတ်မြောက်ရေးတပ်မတော်ကို သူတို့ နိုင်ငံရဲ့လက်နက်ကိုပဲ ၀ယ်ခွင့်ပေးခဲ့ပါတယ်။ သူတို့ရဲ့လက်နက်တွေက အမ်မ် ၂၁၊ အမ်မ် ၂၂ တွေအပြင် လောင်ချာတွေ၊ လက်ပစ်ဗုံးတွေက ၁၉၈၈ မတိုင်ခင်က လက်နက်အဟောင်း မော်ဒယ်အဟောင်းတွေ ပါ။ ဒါတောင်မှ ကချင်လွတ်မြောက်ရေးတပ်မတော်က ကျောက်စိမ်း သိန်းတရာဘိုးရောင်းရင် ကားသုံးစီးစာ လက်နက် ရပါတယ်။ဒါပေမယ့် နှစ်စီးကို တရုပ်ပုလိပ်က ဖမ်းပြီး တစီးကိုပဲ လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို အသက်ရှူနိုင်ရုံ ညှင်းထားပြီး ဗိုလ်ချုပ်ကြီးဘရန်ဆိုင်းနဲ့ အင်မတန် ခင်မင်တဲ့ ဂျပန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အနောက်နိုင်ငံတွေက လက်နက်ကို သူတို့နိုင်ငံထဲကို ဖြတ်သန်းသယ်ယူခွင့် မပေးခဲ့ပါဘူး။ ကျမတို့ရောက်ချိန်မှာ အထင်ရှားဆုံးတွေ့ခဲ့ရတာက ဒူကဘာပန်းအောင်က ကချင်ဌာနချုပ်မှာ အခန်းအနားတခု လုပ်တော့ တရုပ်ပြည်က ရဲတွေကို ဖိတ်ပါတယ်။ အဲဒီပွဲကို တရုပ်ရဲက ဗမာထောက်လှမ်းရေးနှစ်ယောက်ကို တရုပ်ရဲဝတ်စုံနဲ့ တောင်ပေါ်ကို ခေါ်လာပါတယ်။ ဒူကဘာပန်းအောင်ကလည်း သိတယ်။ ခင်ဗျားတို့က မြန်မာတွေကို ခေါ်လာတယ်ဆိုပြီး ချက်ခြင်းကန့်ကွက်တာနဲ့ ဗမာ ထောက်လှမ်းရေးနှစ်ယောက်ကို ဆမားမြို့ တောင်အောက်ကို ပြန်ပို့ခဲ့ရပါတယ်။

ကေအိုင်အေဘက်မှာလည်း အကြပ်အတည်းတွေ အများကြီး ရှိပါတယ်။ မြန်မာအစိုးရနဲ့ တိုက်ပွဲဖြစ်ရင် ပြေးစရာ မြေ မရှိတာပါ။ အခု ကေအိုင်ဌာနချုပ် နေရတာက ထပ်ပြောင်းထားတဲ့ တရုပ်မြန်မာနယ်စပ်မှာ ပါ။ ဆမားမြို့ဆို ရင်တောင်အောက်ဆင်းတာနဲ့ တရုပ်ပြည်ကို ရောက်နေပြီ၊ မြို့ထဲဖြစ်တော့ လက်နက်လည်း ယူဘို့မလွယ်၊ လူတွေ လဲသွားဘို့ မလွယ်ကူလှပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်က တကယ်တိုက်မယ်ဆိုရင် ကေအိုင်အေ ပြေးစရာနေရာ မရှိပါဘူး။ တရုပ်က လက်ခံမှသာ ဖြစ်မှာပါ ။ ဒါကြောင့် ယနေ့အခြေအနေမှာလည်း တိုက်ချင်နေတဲ့ တပ်မတော်ရော၊ အတိုက်ခံနေရတဲ့ ကေအိုင်အေပါ တရုပ်ကို လွန်ဆန်လို့ မရနိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရက သူတို့ (တရုပ်)ကို အဆင်ပြေအောင်လုပ်ရင် ကေအိုင်အေကို ဖိအားပေးမယ်။ မြန်မာအစိုးရက သူတို့ မကြိုက်တာလုပ်ရင် ကေအိုင်အေကို လက်နက် တပ်ဆင်ပေး၊ လူတွေ နေခွင့်ပေးမယ်ဆိုရင် ကေအိုင်အေက ကြီးထွားလာပြီး စစ်ပွဲတွေ အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ တရုပ်လက်ထဲမှာ ရှိနေပါတယ်။

သန်းထွန်းစိုးက နိုင်ငံရေးစာအုပ်တွေ သယ်လာတယ်။ ကျမလည်း စာအုပ်တွေ ပါလာပါတယ်။ ဥက္ကဋ္ဌ မျိုးဝင်း အမိန့်နဲ့ စာအုပ်တွေ သိမ်းသွားပါကော။ ကျမလည်း ဒေါသထွက်ထွက်နဲ့ ရုံးပေါ်တက်သွားတော့ မျိုးဝင်းနဲ့ သန်းထွန်းစိုးတို့ စကားများနေကြပါပြီ။ မျိုးဝင်းက ကျမကို “ဘာလဲ ခင်ဗျား စာအုပ်လိုချင်လို့လား။ စာအုပ်တော့ မရဘူး၊ ဒါဘဲ ရမယ်” ဆိုပြီး ခြောက်လုံးပြူး ထောင်ပြပါတယ်။ ကျမကလည်း “မဆလအစိုးရက စာပေကို မှောင်ချလို့ တောထဲမှာ ဖတ်မယ်ဆိုပြီး ယူခဲ့တာ အခုမှ ဖက်ဆစ်အာဏာရှင်နဲ့ လာတွေ့နေတယ်” လို့ ပြန်ပြောလိုက်တော့ သူက “လျှာ မရှည်နဲ့၊ ဒီသင်တန်း တက်ထားတာ ဒါပဲ တတ်တယ်” ဆိုပြီး သေနတ်ကို မောင်းတင်ရင်း ကျမကို မောင်းထုတ်ပါတယ်။ ကျမ ခံပြင်းလွန်းလို့ အသားတွေပါ ဆတ်ဆတ်တုံနေတယ်။

သန်းထွန်းစိုးနဲ့ ခင်ချိုဦးတို့ မင်္ဂလာပွဲမှာ ကျမတို့ ပျော်ရွှင်နေကြတာ ပေါ့။ သန်းထွန်းစိုးက ခင်မင်စရာကောင်းသူ ပါ။ နှာတံပေါ်ပေါ် မျက်လုံးပြူးပြူး ခပ်သွယ်သွယ်နဲ့ အရပ်မြင့်တယ်။ သူက စကားပြောရင် ပွဲကျအောင် ပြောတတ်တယ် လေ။ သူက ပြောပြတယ်။ မကြာခင် ရန်ကုန်ကကျောင်းသား ၁၆ ယောက် ရောက်လိမ့်မယ် တဲ့။ ကျမတို့ ၀မ်းသာပေမယ့် ရောက်လာသူတွေအတွက်တော့ နည်းနည်း စိတ်ပူနေမိတာ အမှန်ပါဘဲ။ ကျောင်းသားတွေ ရောက်လာကြတော့ ကျမတို့အားလုံးကို ခန်းမမှာ စုခေါ်ပြီး မိတ်ဆက်ပေးပါတယ်။ ၁၆ နှစ်သာရှိသေးတဲ့ ဘိုဘို၊ မောင်မောင်ကြွယ်တို့ကိုပဲ မှတ်မိပါတော့တယ်။ သူတို့ရောက်ပြီး မကြာခင်မှာပဲ ရှစ်လေးလုံး နှစ်ပါတ်လည်နေ့မှာ စကားရည်လုပွဲ လုပ်ကြတာ ပျော်စရာပါ။

ဘိုဘိုက “သင်၊ မြို့သိမ်းတိုက်ပွဲ ၀င်ခဲ့ရသော်” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောတာ အတော်ကို နှစ်သက်စရာပါဘဲ။ အားလုံး သဘောကျလို့ ပေါ့။ ဗဟိုမှာတော့ ရှေ့တန်းပြန် ကြိုဆိုပွဲလုပ်ဖို့ ပြင်ဆင်နေကြရတယ်။ တိုက်ပွဲမှာ န၀တ တပ်ကို နိုင်ပြီး လက်နက်တွေရလာလို့ ကျောင်းသားတပ်မတော်ကို ဂုဏ်ပြုမှာပါ။ လိုင်ဇာဘက်ကနေ ချီတက်လာမှာမို့ ကျမတို့ မနက်အစောကြီးထပြီး ယူနီဖောင်း ၀တ်ကြတယ်။ ယူနီဖောင်းကော ဦးထုပ်ကောက မြန်မာစစ်တပ်အတိုင်း ဖြစ်နေလို့ ရွာတွေထဲဝင်တာနဲ့ “ဂျောင်မာနီ” လာပြီလို့ ပြောကြတာ ကြားနေရတယ်။ ကချင်ရွာသူရွာသားတွေကလည်း ဒီအချိန်မှာ မဆလတပ်တွေ ရွာထဲဝင်လာရင် ပြေးကြပေမယ့် ကျမတို့ လာရင်တော့ “ဂျောင်မာနီ” ဆိုပြီ ကြိုဆို ဧည့်ခံ ကျွေးမွေးကြတာ ကြည်နူးစရာပါဘဲ။ ကျောင်းသားတွေကို ပြည်သူတွေက အလွန်ပဲ ချစ်ခင်အားကိုးတာကို သိရတယ်။ အချို့ဆိုရင် ကျောင်းသားတပ်ထဲ လာဝင်ကြတာ လက်တွေ့ပါ။

ဒါပေမယ့် ဒူဝါလှဆိုင်းနဲ့ မျိုးဝင်းဟာ ဒီ အောင်မြင်မှုတွေအပေါ် ယစ်မူးပြီးတော့ ဘ၀င်မြင့်နေတာကြောင့် တပ်ဖွဲ့ဝင်တွေကို အနိုင်ကျင့်လေ့ရှိပါတယ်။ ဗိုလ်ချုပ်သံချောင်းကတော့ စိတ်ဓာတ်ပြည့်ဝပြီး ခေါင်းဆောင်ကောင်းတယောက် ပီသသူ ပါ။ ဒါပေမယ့် သူက ရှေ့တန်းနဲ့ တပ်ရင်တွေမှာပဲ နေတာကြောင့် ဒီ အဖြစ်အပျက်တွေကို ဂဃနဏ မသိပါဘူး။ လှဆိုင်းနဲ့ မျိုးဝင်းကတော့ တဆိတ်ရှိရင် သတ်မယ်ဆိုတာကို ရေလဲမပါဘဲ သုံးတယ်။ မျိုးဝင်းကတော့ သွေးဆာနေတဲ့ လူတယောက်လို ပါ။ သူက ပြောသေးတယ်။ “ကျုပ်က ဗိုလ်ချုပ်အောင်ဆန်းလို မတော်နိုင်ဘူး” တဲ့၊ အတော့်ကိုပဲ ကြောင်တောင်တောင်နိုင်တဲ့သူ ပါ။

နေရတာ စိတ်ပျက်စရာပါ။ အလကားနေ အပြစ်ရှာ ကြိမ်းမောင်းနေတော့ ငရဲပြည်လိုပါ ပဲ။ တနေ့မှာ ကိုထွန်းထွန်းဦးက ကျမကို လာပြောတယ်။ “ငါတို့ ဒီကနေ ထိုင်းဘက်ကို သွာရအောင်” တဲ့။ ကျမက “ဘယ် လွယ်မလဲ၊ ထွက်ပြေးတာ ဖမ်းမိရင် အသတ်ခံရမှာပေါ့။ ခွင့်တောင်းလို့လဲ ရမှာ မဟုတ်ဘူး” လို့ပြောလိုက်တော့ သူက “သိတယ်၊ မင်းနဲ့ ဒူကဘာပန်းအောင်နဲ့ ရင်းနှီးတော့ သူ့ကို အကူအညီ တောင်းကြည့်ပေါ့” လို့ အကြံပြု ပြန်တယ်။

ဒါနဲ့ ကျမလည်း နောက်တလအကြာမှာ ဂိတ်ပတ်စ် ယူပြီးတော့ ဒူကဘာပန်းအောင်ရှိရာ ကေအိုင်အေရုံးချုပ်ဖက်ကို သွားပြီး သူနဲ့ တွေ့တော့ “ကျမ ပြောစရာရှိတယ်” ဆိုတော့ ဒူကဘာက “ရဲမေလေး၊ မကြောက်နဲ့၊ အကူအညီပေးမယ်၊ အမှန်အတိုင်း ပြော” လို့ ဆိုတာကြောင့် “သန်းထွန်းစိုး ရောက်လာပြီးကတည်းက မျိုးဝင်းနဲ့ လှဆိုင်းက တမျိုးပြီးတမျိုး ပြသနာ ရှာနေတယ်။ ဒါကြောင့် ကျမတို့ မနေချင်တော့ဘူး။ ထိုင်းဘက်မှာလည်း ကျောင်းသားတပ်မတော် ရှိတယ်။ အဲဒီကို သွားချင်တယ်” လို့ ပြောလိုက်ပါတယ်။ ကျမ အရင်တခါ သူနဲ့ တွေ့တုံးက ကျမရဲ့ဦးလေးအကြောင်း ပြောပြတော့ သူက “သိတယ် သူ့နံမည်က တိုက်ပွဲကြီး မဟုတ်လား။ မံစီမှာတုံးက ငါတို့သူငယ်ချင်းတွေ ဖြစ်တယ်” လို့ ပြောဘူးပါတယ်။ အခုလည်း သူက “တိုက်ပွဲကြီး တူမ၊ ဘာမှ မစိုးရိမ်နဲ့၊ နောက် နှစ်ရက်ကြာရင် ငါ ပြန်မယ်။ ငါနဲ့လိုက်ခဲ့။ နင့်ယောက်ျား ပါခေါ်ခဲ့၊ ချားလော့ပါ ရောက်ရင် နင့်ကိုယ်ဝန်ကို ဆရာဝန်နဲ့ ပြမယ်။ ငါ့ကားနဲ့ လိုက်ခဲ့လို့” ပြောတာကြောင့် အားတက် ၀မ်းမြောက်သွားတာပေါ့။

ဝမ်းသာအားရနဲ့ ပြန်လာပြီး ကိုထွန်းထွန်းဦးကို ပြောပြလိုက်တယ်။ နောက်နေ့ကျတော့ ကျမက နန်းအောင်ထွေးကြည်ကို “ငါ တောင်ပေါ်မှာ မနေချင်တော့ဘူး။ စိတ်တွေ လေးတယ်” ဆိုတော့ သူက “မနေချင် မနေနဲ့ပေါ့” လို့ ရွှတ်နောက်နောက် ပြောဆိုပြီး သူ့မှာရှိတဲ့ တရုတ်ငွေ ၁၂ ယွမ်ကို ပေးပါတယ်။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Nov 21 2012 05:30 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005