အတိတ်မှ အရိပ်များ (၁၄)
Khin San Ngwe

ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တွင် နေထိုင်စဉ်

လမ်းက ခရီးသွားတွေရော ရွာခံတွေရော ကချင်တပ်မှာ တာဝန်ထမ်းဆောင်ရပါတယ်။ တခြားလူမျိုးဆိုရင် ၃ နှစ် တာဝန်ထမ်းဆောင်ရပြီး ကချင်ဆိုရင်တော့ ၅ နှစ် ထမ်းဆောင်ရတယ်။ နှစ်ပြည့်တော့ အငြိမ်းစားလက်မှတ် ထုတ်ပေးပြီး ပြန်ခွင့်ရပါတယ်။ နှစ်မပြည့်သေးခင် လက်မှတ်မရသေးဘဲ ထွက်ပြေးလို့ ဖမ်းမိရင် ပထမအကြိမ်မှာ အပြစ်ပေးပုံက ၀ါးဘိုးဝါးတလုံးကို ကချင်စစ်သားနှစ်ယောက်က ထိပ်နှစ်ဖက်က ခါးလောက်အမြင့်မှာ ကိုင်ထားတယ်။ ဒဏ်ပေးခံရမယ့်သူက ရှေ့ကိုကုန်းပြီး စောစောက ၀ါးဘိုးဝါးပေါ်မှာ ဗိုက်ကို ထားပြီး ကိုယ်ကို ရှေ့ကို ကိုင်းထားရတယ်။ ခြေထောက်ကတော့ မြေပြင်မှာပေါ့။ အခြားရဲဘော်နှစ်ယောက်က ရှေ့ကို ကိုင်းထားတဲ့လူရဲ့ လက်နှစ်ဖက်ကို တဖက်တချက်စီက ဆွဲထားတယ်။ ကျန်တယောက်က တမတ်လုံး လောက်ရှိတဲ့ အချောသတ်ပြီးသား ၃ ပေ ရှည်တဲ့ ၀ါးစိမ်းဒုတ်နဲ့ တင်ပါးကို ၁၅ ချက်တိတိ ရိုက်ပါလေရော။ ဒုတိယအကြိမ်ဆိုရင် ၇၅ ချက်။ တတိယအကြိမ်ဆိုရင်တော့ သေဒဏ် ပေးပါတယ်။

ကျမတို့ရှေ့မှာ သေဒဏ်ပေးခံရတဲ့ မိန်းခလေးကတော့ လုမိုင်ဆိုတဲ့ ကချင်မလေး ပါ။ သူ့မြေပုံပေါ်မှာ တင်ထားတဲ့ ဂျင်းအင်္ကျီကို ကျမတို့ယူပြီး မုန့်နဲ့လဲစားလိုက်ပါတယ်။ နောက်တယောက်ကတော့ ရန်ကုန်မြို့ ၃၈ လမ်းက မွတ်ဆလင်လူမျိုး ကျမတို့ကို သင်တန်းပေးတဲ့ စစ်သင်တန်းဆရာ ဆရာဆန်သီး ပါ။

စစ်သင်တန်းက မြန်မာစစ်တပ်ရဲ့ ၆ လသင်တဲ့သင်တန်းကို ၄၅ ရက်နဲ့ အပြီးသင်ရတော့ အတော့်ကို ပင်ပန်းတာ ပေါ့။ သင်တန်း ၃ ရက် ပျက်ရင် သင်တန်းက ထုတ်ပယ်တာ ခံရပြန်တယ်။ သင်တန်းမှူးတွေကတော့ ဆရာ ဆမ်သူဒမ်ရှောင်၊ ဒူဝါလှဆိုင်း၊ ဆရာဇမ်သီးနဲ့ အခြားဆရာ ၇ ဦးသင်ပါတယ်။ အရိုက်လည်း ရက်စက်ပါတယ်။ တိုင်းပြည်အတွက်ဆိုပြီးတော့ ကြိတ်မှိတ်ခံကြရပါတယ်။

အဲဒီသင်တန်းမှာ ကိုထွန်းထွန်းဦးက ငှက်ဖျားမိပါတယ်။ ဒါနဲ့ ဒူုဝါလှဆိုင်းကို သင်တန်းမှာ ခွင့်ပေးဖို့ သွားတောင်းပန်တာတောင် ကိုထွန်းထွန်းဦးကို တရုတ်သေနတ် M 21 နဲ့ချိန်ပြီး မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုတဲ့အပြင် ခွင့်လည်း မပေးပါဘူး။ ဆက် မတက်ရင် သတ်မယ်လို့ ပြောတာကြောင့် ဆက် တက်ရတာပေါ့။ ဒူဝါလှဆိုင်းနဲ့ အဆင်မပြေတာ စတင် ပါတော့တယ်။

ကျေုာင်းသားစစ်သည်တွေ ပထမဆုံး ရင်ဆိုင်ရတာကတော့ ငတ်မွတ်ခြင်းဖြစ်ပြီး ဒုတိယကတော့ ငှက်ဖျားရောဂါပါ ဘဲ။ ဗန်းမော် ကသာခရိုင်က ငှက်က အဆိုးဆုံး ပေါ့။ ဖြစ်တာနဲ့ တပြိုင်နက်တည်း သတိမရတချက် ရတချက်ဖြစ်ပြီး တချို့က ချောင်းထဲ ဆင်း ငါးဖမ်းတဲ့သူက ဖမ်း၊ ကွပ်ပစ်အောက် တိုးဝင်ပြီး အထက်အမိန့်အရ သန့်ရှင်းရေးးလုပ်တဲ့သူနဲ့ အစုံပါဘဲလေ။ သိပ် အခြေအနေဆိုးလာလို့ သင်တန်းပျက်ကွက်ရင် အဲဒီကျောင်းသားတွေကို ဗဟိုကို ပြန်ပို့ပါတယ်။ နောက်ဆုံးတော့ တရုတ်ရွာက ခွေးအရှင် ၀ယ်သတ်ပြီး ငပိနဲ့ ချက်၊ အရက်နဲ့ရောကျွေး လုပ်ရပါတော့တယ်။

သင်တန်းပြီးသွားတော့ ဗဟိုကို ပြန်ကြရတာပေါ့။ မပြန်ခင်မှာ ကျမတို့ကို နောင်ရာပါရွာမှာ တပါတ် နေခွင့်ပြုပါတယ်။ ကိုကိန်းမြင့် လာခေါ်တာကြောင့် ဗဟိုကို အားလုံး ပြန်ခဲ့ကြတယ်။ ကိုထွန်းထွန်းဦးနဲ့ အောင်ကျော်မြင့်က ဖျားနေလို့ တောင်ပေါ်ရောက်အောင် မနည်း ကြိုးစားတက်ခဲ့ကြရတယ်။ တောင်ပေါ်ရောက် တော့ ဆေးကုသတဲ့အဆောင်ကို ပို့လိုက်တယ်။ ရှိတဲ့ဆေးနဲ့ကုသတော့ မပျောက်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် ဆေးခန်းကို သွားကြရပြန်တယ်။ ကချင်လွတ်မြောက်ရေး တပ်မတော်မှာ ဆေးသင်တန်း ၆ လ တက်ပြီးရင် တရုတ်ပြည်မှာ ၂ နှစ်သင်တန်းတက်ဖို့ သွားရတယ်။ကချင်လွတ်မြောက်ရေး တပ်မတော်က ဆေးမှူးတွေက အလွန်တော်ပါတယ်။ ကျမက ဆေးမှူး အရမ်းလုပ်ချင်ပါတယ်။ ခွင့်တောင်းတော့ ကျောင်းသားတပ်မတော်က ခွင့်မပြုပါဘူး။ လုမိုင်၊ ဘောက်မိုင်၊ အားအိုင်တီး (Ar I Tee) ဆိုတဲ့ ကချင်ရဲမေ ၃ ယောက် တက်ခွင့်ရပါတယ်။

ကျမ မရောက်ခင်က ယောင်္ကျားလေး ၃ ယောက် ၆ လသင်တန်း သွားတက်ရတာ သိရတယ်။ ပြန်ရောက်တော့ လက်တဲ့စမ်းပြီး ဆေးထိုးလိုက်တာ ကိုခိုင်ရဲ့ တင်ပါးမှာ ဆေးမကြေလို့တဲ့ အဖုကြီးဖြစ်ပြီး တဖြေးဖြေး လှိုက် စား သွားလိုက်တာ ခြေထောက်တချောင်းလုံး အရိုးပဲ ကျန်တော့တယ်။ အဲဒီလို စိတ်မချမ်းသာစရာတွေက တပုံတပင်ကြီးပါ ဘဲ။ ကျမတို့ရဲမေတွေက တညကို နှစ်ယောက်ကျ သွားပြီး ပြုစုရတယ်။ ကိုခိုင်က “ငါ မသေချင်သေးဘူး။ ဒီမိုကရေစီရမှ သေမယ်” တဲ့။ကျမတို့က နှစ်သိမ့်အားပေးစကားပဲ ပြောနိုင်တာပေါ့။ နှစ်လလောက်ပဲ ခံပါတယ်။ ဆုံးသွားရှာပေါ့။

တောင်ပေါ်ဗဟိုမှာတော့ လူမျိုးစုံသံတမန်ရပ်ကွက် ထားပါတယ်။ အဲဒီမှာ ကျမရဲ့သူငယ်ချင်းဖြစ်သူ ပလောင်အဖွဲ့က ကိုအိုက်ငြိမ်းလဲ ပါတာပေါ့။ သူနဲ့ကျမ မကြာခဏ စကားပြောဖြစ်ကြတယ်။ နောက်တယောက်က ကချင်လွတ်မြောက်ရေး တပ်မတော်က ချစ်ကို ပါ။ သူတို့နှစ်ယောက်လုံး ရန်ကုန် ဗဟန်းသားတွေဆိုတော့ တရပ်တည်းသားတွေ ပေါ့။ အဲဒီအချိန်က တိုင်းရင်းသားတွေ ညီညွတ်တဲ့အချိန်ပါဘဲ။

တိုင်းရင်းသားအားလုံးက ညီညွတ်စွာနဲ့ တိုင်းပြည်အပေါ်မှာရှိတဲ့ သဘောထားကို ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ခရီး ထွက်လာစဉ်မှာ တိုင်းရင်းသားတွေက စာရေးပြီး တင်ကြတယ်လို့ သိရတယ်။ သိရသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းခိုင်းတာ ပါ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ အဖြေပေးသွားကြောင်းလည်း ကြားခဲ့ရတယ်။ န၀တက ရွေးကောက်ပွဲ လုပ်ပေးပြီး အနိုင်ရတဲ့ပါတီကို အာဏာလွှဲအပ်မယ်လို့ ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အရိပ်အမြွက် ပြောကြားသွားကြောင်း သိရှိခဲ့ရတယ်။

၈၈ အရေးအခင်းတုံးက မူဆလင်တွေ ဆန္ဒပြတဲ့နေရာကို ဒေါ်အောင်ဆန်းစုကြည်သွားစဉ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေကို စစ်တပ်က ပုံပေါင်းများစွာ ကူးပြီး ရှမ်းပြည်ဘက်မှာ ဖြန့်ဝေပါတယ်။ နောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မဲနိုင်ရင် ဒီ ကုလားတွေ မြန်မာပြည်ထဲကို အများကြီး ၀င်လာပြီး အုပ်ချုပ်လိမ့်မယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရှမ်းပြည်မှာ ခေါင်းဆောင်တွေ အစည်းအဝေး ပြုလုပ်နေရကြောင်း ပြောပြပါတယ်။ နောင်အခါမှာတော့ ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့ပြီး မဲမပြန့်အောင် လုပ်လိုက်ရကြောင်း သိခဲ့ရတယ်။

ကျောင်းသားတပ်မတော်ကတော့ ပုံမှန် လှုပ်ရှားနေပါတယ်။ မြန်မာပြည်ရဲ့တောင်ပိုင်းမှာလည်း ကျောင်းသားတပ်မတော် ရှိတာ သိရတယ် လေ။ ကျမတို့ဆီမှာတော့ တဖြည်းဖြည်းနဲ့ အင်အား တထောင်ကျော် စုမိနေပါပြီ။

နိုင်ငံခြားကလူတွေလည်း ရောက်လာတာ အများကြီးဆိုတော့ ကျမ သိပ်မမှတ်မိတော့ပါဘူး။ မီမီမြင့်ဖူး တယောက်ကိုတော့ မှတ်မိနေပါတယ်။ သူက ဆေးပစ္စည်းဝယ်ဖို့ ကျောင်းသားတပ်မတော်ကို ကျပ် ငါးသိန်း ပေးသွားတယ်။ အားလုံးကို ကျေးဇူးတင်စရာပါဘဲ။ ဆေးခန်းအတွင်း ငှက်ဖျားဆေးတွေ ပြည့်စုံအောင် ၀ယ်နိုင်တာပေါ့။ ရိက္ခာကတော့ အရင်းအတိုင်းပါဘဲ။

ကျမတို့စခန်းက ဗဟိုကော်မီတီဝင်တွေကတော့ တချိန်လုံး တယောက်တလဲ တရုပ်ပြည်ခရီး သွားနေကြတာ သိရတယ်။ တာဝန်အရလို့ ဆိုတာပါဘဲ။ ရဲဘော် ရဲမေတွေကတော့ သိပ် ကြေနပ်ပုံ မပေါ်ပါဘူး။ သူတို့တွေက အဖွဲ့ပိုင်ငွေတွေ ကိုင်ပြီး သွားနေကြတာကိုး။

ကိုထွန်းအောင်ကျော်ရဲ့ ညီ ကိုချိုကြီး တောင်ပေါ်ကိုရောက်လာတယ်။ လူပုံက ခပ်နွဲ့နွဲ့ပါပဲ။ အသားဝါလေးနဲ့ စကားပြောတာကလည်း ခပ်အေးအေးနဲ့ မျက်နှာက အမြဲတမ်း ပြုံးချိုနေတယ်။ ခင်မင်စရာ ကောင်းလှပါတယ်။ သူကတော့ မန္တလေးက ရောက်လာတာလို့ သိရတယ်။ တောင်ပေါ်မှာနေမှာလား ပြန်မှာလားတော့ မသိပါဘူး။
အတွေ့အကြုံ - အတိတ်က အရိပ်များ ခင်စန်းနွယ် - Nov 21 2012 05:29 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005