အတိတ်မှ အရိပ်များ (၁၂)
20120304 Khin San Ngwe

ကချင်ဓားနှစ်လက် ယှက်ထားတဲ့ပုံပါတဲ့ အလံနဲ့ ကင်းရုံတခုကို တွေ့ရတယ်။ ကိုရာကေးက ကျမတို့နံမည်တွေကို ရေးပေးပါတယ်။ ကင်းမှူး ကချင်တပ်ကြပ်ကြီး (မြီးကျက်ဆူ) က ကျမတို့ကို လာရောက် စစ်မေးပါတယ်။ စစ်ဆေးပြီးတော့ သူနဲ့အတူ လိုက်သွားရတာ ၁၅ မိနစ်လောက်ကြာတော့ တောင်ထိပ်မှာ ကချင်အလံတိုင်ကြီး စိုက်ထူထားတာ တွေ့ရတယ်။ တောင်ထိပ်ကို နည်းနည်းကျော်သွားလိုက်တော့ ခွပ်ဒေါင်းအလံကြီးကို လေမှာလွင့်ပြီး ငွားငွားစွင့်စွင့် တွေ့လိုက်ရတော့ အင်အားတွေ ပြည့်လာပြီး ဂုဏ်ယူတဲ့စိတ်တွေက နိုးကြွလာပါတော့တယ်။

ကျမတို့ကို တောင်ကုန်းလေးပေါ် ခေါ်သွားတယ်။ လှေခါးထစ်တွေမှာ ပုလင်းဖင်တွေ မြှုပ်ပြီး စီထားတာ တမျိုး လှနေတာပေါ့။ မြေကြီးထဲမှာ ပုလင်းတွေကို ဇောက်ထိုး မြှုပ်ထားတာပါ။ ကျမတို့ တဲတခုထဲ ၀င်လိုက်တော့ မျက်နှာသွယ်သွယ် အသားညိုညို နှုပ်ခမ်းမွှေးထူထူ ဆံပင်အနည်းငယ်ဖြူဖြူနဲ့ ခန့်ခန့်ငြားငြား လူတယောက်ကို တွေ့ပါတယ်။ အရပ်က ၆ ပေနီးပါး ရှိပါမယ်။ ကျောင်းသားတပ်မတော် ဦးစီး လွှမ်းမိုးဖြစ်ကြောင်း မိတ်ဆက်ပေးလို့ သိရတယ်။

ဒီတဲဆီကို လိုက်ပို့သူက ဗဟိုကော်မတီရုံးက စာရေးမောင်ကိန်းမြင့် ဖြစ်ပါတယ်။ ကိုရာကေးကတော့ ပင်ပန်းလို့ သူ့အဆောင်ဘက်ဆီ သွားပါပြီ။ မောင်ကိန်းမြင့်ကပဲ ကျမတို့ကို ကော်မတီရုံးဆီခေါ်သွားပြန်တယ်။ တောင်ရဲ့တခြားဖက်ခြမ်းမှာ ပါ။ ရုံးထဲရောက်တော့ ကျမတို့ကို ကိုမျိုးဝင်းနဲ့မိတ်ဆက်ပေးပါတယ်။ သူ့ပုံက နဖူးပြောင်ပြောင် မျက်နှာက မပြားမလုံး၊ မျက်ခုံးက ခပ်ပါးပါး အသားက ဖြူပါတယ်။ ဖြူတယ်ဆိုပေမယ့် အ၀ါရောင်ဘက်ကို သန်းနေပါတယ်။ သူ့ကိုကွယ်ရာမှာ (လားတရုတ်) လို့ နံမည်ပြောင် ခေါ်ကြပါတယ်။ အရပ်က ငါပေးခွဲလောက် ပေါ့။ ကိုသန်းဇော်၊ ကိုအုန်းကြိုင်နဲ့ကိုကျော်စိန်တို့ သုံးဦးက မန္တလေးကဖြစ်ကြောင်း နောက်ထပ် လာအုံးမယ်လို့ ပြောပါတယ်။

ကျမတို့ကို မိတ်ဆက်ပေးတော့ ကိုမျိုးဝင်းက “ခင်ဗျား ရန်ကုန်မြို့လာတယ် ဆိုတာ ဟုတ်လား” လို့ မေးတော့ ကျမက “ဟုတ်ပါတယ်“ လို့ ပြောလိုက်တယ်။ သူက “ဘယ် အဖွဲ့ကလဲ” လို့ ဆိုတော့ “ဗဟန်းမြို့နယ်တပ်ဦး” ကလို့ ပြောလိုက်တော့ သူက “ခင်ဗျားတို့ ရန်ကုန်က လာလိုက်ရင် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ ချည့်ဘဲ၊ အဖွဲ့ဝင်တွေက ဘယ်တော့ လာမှာလဲ” လို့ ခပ်စွာစွာ ပြောတော့ ကျမက မောလည်း မောနေတော့ ဒေါပွသွားပါတယ်။ သူ့ကိုလည်း ဥက္ကဋ္ဌမှန်း မသိပါဘူး မိတ်ဆက်ပေးတုံးက ဘာမှ မပြောတော့ မသိဘူးပေါ့။ သိရင်တော့ ဆင်ခြင်ပြီး လေးလေးစားစား ပြောမှာပေါ့။

“ရှင် ဘယ်မြို့ကလဲ” လို့ ကျမကမေးတော့။ “မိုးကောင်းက” တဲ့၊ ကျမက “မိုးကောင်းဆိုတာက မြို့သေးသေးလေးပဲ။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနှစ်ယောက်ပဲ ရှိမှာပေါ့။ ကျမတို့ ရန်ကုန်မြို့က မြို့နယ် ၃၈ ခု ရှိတယ်။ အကျယ်ကြီးဆိုတော့ ဥက္ကဋ္ဌတွေ အတွင်းရေးမှူးတွေ များတာပေါ့” လို့ ပြောလိုက်မိပါတယ်။ မြင်မြင်ချင်း ဆောက်နဲ့ထွင်းပါ ဘဲ။ အဆင်ပြေပုံ မရပါဘူး။ အဲဒီညမှာတော့ ဧည့်သည်အဆောင်မှာ အိပ်ကြတာပေါ့။ ပေရှစ်ထောင်ကျော် မြင့်တဲ့နေရာဆိုတော့ အေးလိုက်တာ စိမ့်နေတာပါဘဲ။

မိုးလင်းတော့ ကျမကို အမျိုးသမီးဘားတိုက်ကို လိုက်ပို့ပါတယ်။ စခန်းမှူးကြီး မြီးကျက်သူရဲစိုးက “အမရေ၊ ၀ဋ်လိုက်မှာတော့ ကြောက်ပါတယ်။ ကျနော်တို့ဆီမှာ အိမ်ထောင်သည်လိုင်း မရှိသေးတော့ အဲဒီမှာဘဲ နေပေါ့” တဲ့။ အမျိုးသမီးအဆောင်ဆိုပေမယ့် ဆောက်လက်စရှိပါသေးတယ်။ ဒေါ်သောင်းလှလို့ ခေါ်တဲ့ ပဲခူးက ကျောင်းဆရာမ၊ ရန်ုကုန် အင်းစိန်မှာနေတဲ့ မြန်မာစာအဓိက တက္ကသိုလ်ကျောင်းသူ ခင်ချိုဦး၊ ရန်ကုန်မြို့စူနီယံပတ်မှာနေတဲ့ တက္ကသိုလ်ကျောင်းသူ နန်းအောင်ထွေးးကြည်၊ မိုးညှင်းမြို့က နန်းစော၊ မိုးကောင်းမြို့က တပ်ကြပ်စိုးစိုးလွင် (တက္ကသိုလ်ကျောင်းသူ)၊ ဘောက်မိုင်၊ လုမိုင်တို့က ထွက်ကြိုကြပါတယ်။ ကျမကိုလည်း မေးခွန်းတွေစုံအောင် မေးလိုက်ကြတာ ကျမက သူတို့တတွေနဲ့ ရင်းရင်းနှီးနှီး ဖြစ်သွားလို့ အားရှိသွားတာပေါ့။

ဒီလိုနဲ့ နောက်နေ့ မနက် ၇ နာရီမှာ အလံတိုင်ရှေ့မှာ တန်းစီကြရပြီး သစ္စာဓိဌာန်ဆိုကြရတယ်။ ပြီးတော့ တာဝန် ခွဲဝေပေးပါတယ်။ ရဲမေတွေကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် လမ်းဖောက်နေတာဆီကို ရိက္ခာပို့တဲ့တာဝန် ယူကြတယ်။ ကျောင်းသားတပ်မတော် တပ်ရင်း (၇၀၁) ဖွဲ့စည်းဖို့ ကချင်လွတ်မြောက်ရေးတပ်မတော်က ငွေသိန်း (၂၀) ထုတ်ပေးတာ သိရတယ်။ ဘရန်ဆိုင်းက ထုတ်ပေးတာပါ။ စစ်ဝတ်စုံ၊ စောင်၊ မွေ့ယာတွေကို တရုတ်ပြည်ကနေ ၀ယ်ယူကြရကြောင်း သိရတယ်။ အရမ်းအေးတော့ စောင်နဲ့ မွေ့ယာတွေကို အဓိက ၀ယ်ကြတယ်။ ကျမတို့အဖွဲ့ပိုင် လားတကောင် ရှိပါတယ်။ ရိက္ခာ သယ်ဖို့ ပါ။ နံမည်ကတော့ မြောက်ပိုင်းတိုင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ဘရဲ့အမည်ယူပြီး “ကျော်ဘကြီး” လို့ ခေါ်ကြတယ်။

ကျမတို့ရဲမေတွေက ဆန်ကို ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ဂိုဒေါင်မှာ လိုသလောက် ထုတ်ယူလို့ ရပါတယ်။ ဟင်းချက်စရာကိုတော့ ကျောင်းသားတပ်မတော်ရဲ့ ရန်ပုံငွေထဲက ထုတ်သုံးပါတယ်။ အာပြဲခြောက် တချောင်းကို ဆယ်ရက်၊ ကုလားပဲတဗူး ဆယ်ရက်၊ အချိမှုန့် ပြားငါးဆယ်တန်တထုတ်ကို ဆယ်ရက်၊ အဲဒါပဲ ရပါတယ်။ ပဲကို ချက်မစားပဲ စုထားပြီး ပဲနည်းနည်းကို ဆန်နဲ့ရောပြီး ဒေါ်သောင်းလှကပဲ ထမင်းချက်ပြီး ကျွေးလေ့ရှိတယ်။ အဓိက ကျမတို့ အားထားရတာကတော့ တောင်ပေါ်မှာပေါက်တဲ့ အရွက်တမျိုးက ချဉ်ပေါင်ရွက်လိုပါဘဲ၊ ဒီအရွက်ကို ပင်တိုင် ချက်စားရတာပါ။ ဗိုက်ဆာတော့လည်း စားလို့ ကောင်းပါတယ်။ မိုးညှင်း ရဲစခန်းဝင်စီးတုန်းက မတုတ် ဆိုတဲ့ရဲမေလေး တိုက်ပွဲမှာ ကျသွားပါတယ်။ သူ့ကိုရည်စူးပြီး သီချင်းစပ်ထားတာ သိပ်ကောင်းပါတယ်။ စာသားကတော့ “ဒီမိုကရေစီ တိုက်ပွဲတွင်းမှာ၊ ရှေ့တန်းတနေရာ ကျဆုံးသွားတဲ့ သူငယ်ချင်းတို့ရေ၊ မင်းတို့အတွက် ဂုဏ်ယူလိုက်ပါတယ်။ ဒီမိုကရေစီ ဒို့များရလို့ အိမ်ဌာနေကို ပြန်ကြတဲ့အချိန် ဆီးကြိုနေမယ့် မင်းတို့မိဘ မောင်နှမတွေကို ဒို့များ ဘယ်လို ရှင်းပြရမယ်။ ဒို့များ ဘယ်လို နှစ်သိမ့်ရမယ်။ တွေးရင်းနဲ့ ၀မ်းနည်း မျက်ရည်ဝဲ။”

နန်းအောင်ထွေးကြည်က ဦးစီးလွှမ်းမိုးရဲ့ရုံးမှာ စာရေးမအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။ ရုပ်ကလေးကလည်း ရှမ်းသွေးပါတာမို့ ချောသလို ၀တ်လိုက်ရင်လည်း သားရေဂျာကင်အနက်လေးနဲ့ ယူနီဖောင်းနဲ့ သိပ် စမတ်ကျပါတယ်။ ရေတခါ ချိုးရင် တနာရီကျော်အထိ ကြာတတ်လို့ ကျမ အမြဲ အော်ရပါတယ်။နန်းစောကတော့ ရှမ်းမလေးပါ ဖွံ့ဖွံ့ထွားထွားနဲ့အသားနည်းနည်း ညိုပြီး ချစ်စရာကောင်းသူ ပါ။

တပ်ကြပ်စိုးစိုးလွင်ကတော့ အသားဖြူဖြူ ပိန်ပိန်ပါးပါး မျက်ခုံးထူထူတန်းတန်းလေးနဲ့ အရပ်ကတော့ နည်းနည်း ပုပါတယ်။ ခင်မင်စရာကောင်းလှသူ ပါ။ ကျမတို့ရဲ့အထက်အရာရှိဆိုပေမယ့် မာန်မာန မရှိပါဘူး။ စိတ်ထားဖြူပြီး ပြည့်ဝသူပါ။ တခါတလေ ပဲကြိတ်ပြီး တို့ဟူး လုပ်ကျွေးပါသေးတယ်။

ကျမကတော့ ဆေးကုသဆောင်မှာ ကူညီပေးရပါတယ်။ ငှက်ဖျားမိပြီး ရှေ့တန်းက ပြန်လာတဲ့ ကျောင်းသားရဲဘော်တွေ၊ စစ်သင်တန်းတက်ရင်း ငှက်ဖျားမိသူတွေကို ဆေးတိုက် ပြုစုပေး၊ သူတို့အ၀တ်တွေ လျှော်ပေးစတဲ့ အလုပ်တွေ ပါ။ ကျမတို့တပ်မှာက ဆေးကလည်း ရှားတယ်၊ ငွေမရှိတော့ မ၀ယ်နိုင်ဘူးပေါ့။ ကချင် လွတ်မြောက်ရေးတပ်မတော်က ပေးတဲ့ဆေးနဲ့ပဲ ကုသနေရတာပါ။ ဗန်းမော်၊ ကသာက ငှက်ဖျား အလွန်ဆိုးလို့ ကြောက်စရာပါဘဲ။ ရန်ကုန် လှည်းတန်းက အောင်ကျော်မြင့်နဲ့ မျိုးဆက်တို့ ငှက်ဖျားမိပြီး ပြန်ရောက်လာကြလို့ ကျမ ပြုစုရပါတယ်။ အောင်ကျော်မြင့်က ၁၉ နှစ်ပဲရှိပြီး သနားကမားနဲ့ ပါ။ သူတို့ဗိုက်ဆာလို့ ထမင်းဆုပ်ကို မီးဖုတ် ကျွေး၊ ဆန်ပြုတ်တိုက်နဲ့ ပေါ့။ ဘာမှ မရှိတော့ ပေါက်နေတဲ့ ဂျူးမြစ်တွေ နှုတ်ပြီး ကြက်သွန်မိတ်အစား ထည့်ပေးရတယ်။ အလွန်ပဲ သနားစရာ ပါ။ ခင်ချိုဦးက ဆန်ပြုတ်ပြုတ်တာ တော်ပါတယ်။ သူက ကြောက်တတ်တာတော့ လွန်ပါရော၊ ညဘက် အပေါ့အပါးသွားဖို့တောင် ကျမထမှ ထပြီး လိုက်ပါတယ်။ မျက်နှာဝိုင်းဝိုင်း ၀၀ကစ်ကစ်နဲ့ ချစ်စရာ၊ ခင်စရာပါ။ နန်းအောင်ထွေးကြည်၊ နန်းစော၊ ခင်ချိုဦး သူတို့သုံးယောက်ပေါင်းပြီး ဖျာလိပ် ထမိန်တွေ ပတ်၊ အင်္ကျီတွေ ၀တ်ပေးပြီး နတ်မေးတာ ခဏခဏမို့ ရီရတာ အမောပါဘဲ။ ကျမက နင်တို့ သူပုန်လုပ်နေပြီး ဒါတွေကို ယုံသလားဆိုတော့ ယုံတယ် တဲ့။ ဘယ်တော့ အိမ်ပြန်ရမလဲ မေးတာဆိုဘဲ ကလေးတွေ သနားစရာပါ။

ကျမနဲ့စိုးစိုးလွင်က ဂိတ်လက်မှတ်ရထားတော့ ကချင် လွတ်မြောက်ရေးတပ်မတော် စခန်းဘက်ကို သွားခွင့်ရှိတယ်။ ဂိတ် လက်မှတ် မရှိရင်တော့ သွားခွင့် မရှိဘူး။ ကျမက ရိက္ခာ သွားထုတ်ရလို့ လက်မှတ် ပေးထားတာပါ။ ကျမတို့နေတဲ့တောင်က အလွန်မြင့်တော့ လေယာဉ်ပျံလာရင်တောင် အမြီး ဆွဲထားလို့ ရပါတယ်။ကျမတို့အဆောင်ရှေ့မှာ ထိုင်ခုံပုလေး တွေရယ်၊ ဒန်းလေးတွေရယ် ရှိပါတယ်။ လသာတဲ့ညတွေမှာ ကျမတို့ အဲဒီမှာထိုင်ရင်း စကားတွေ ပြောကြ၊ သီချင်းတွေဆိုကြ၊ လမင်းကို တိုင်တည်ကြနဲ့ ပေါ့၊ မအိပ်နိုင်ကြဘူးလေ။ တခါတလေ တောင်တန်းဘက် ထင်း သွားခုတ်ကြရင်းက တရုတ်ရွာပျက်တွေကို ရောက်ရင် တရုတ်ဇီးသီးနဲ့ မျှစ်တွေ ချိုးလာကြတာ ပေါ့။ ဇီးသီးကို မစားကြသေးပဲ စခန်းရောက်မှ သူ တကိုက် ငါ တကိုက်စားကြတာ ကြည်နူးစရာ ပါ။ မျှစ်ကိုတော့ အိုးထဲမှာထဲ့ပြီး မီးသွေးခဲပါပြုတ်မှ စားလို့ရတယ်။ ဒါမှမဟုတ်ရင် အံပါတယ်။

ကျမတို့ ကချင် လွတ်မြောက်ရေးတပ်မတော် စခန်းဘက်သွားရင် မိုးညှင်းတိုက်ပွဲမှာ ရဲစခန်းက ထုတ်လာတဲ့ မနှင်းမေဆိုတဲ့ ကျောင်းဆရာမလေးတယောက် ရှိပါတယ်။ သူ့ကို ကချင် လွတ်မြောက်ရေးတပ်မတော်က ဒု ချွန် (ဗိုလ်ကြီး)က သဘောကျပြီး တောင်းရမ်း လက်ထပ်ထားတာ ပါ။ သူ့အိမ်ကို ၀င်လည်တဲ့အခါ ကောင်းကောင်းစားရတာချည့်ပါ ပဲ။မနှင်းမေက သဘောကောင်းတယ်။ သိုးမွှေးဆွယ်တာ ထိုးတာလည်း တော်ပါတယ်။ ကချင်တပ်က အဆင်ပြေပါတယ်။ စစ်ဗိုလ်တယောက်အတွက် ရဲဘော်တယောက် အကူအညီ ပို့ပေးတဲ့အပြင် ကြက်သွန်နီ စဥ့်အိုးတလုံးခွဲ (၁၅၀ ကျပ်တန်) ပေးပါတယ်။ သုံးလလောက် စားလို့ရပါတယ်။ နောက်ပြီး ဘိန်းတခင်း စိုက်ခွင့်ပြုထားပါသေးတယ်။ ဘိန်းစားခြင်း၊ ဘိန်းထိုးခြင်းကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ အဲဒါလုပ်လို့ မိရင်တော့ သေဒဏ်ပါ ဘဲ။ ခေါင်ရည်၊ ဘီယာကိုတော့ တာဝန် မရှိချိန်မှာ ကြိုက်သလောက် သောက်နိုင်ပါတယ်။

သူတို့အိမ်ကလေးတွေက တိုက်ခန်းတွေပါ။ မီးစက်ရှိတာမို့ ညဆို မီးလင်းနေပါတယ်။ ကျမတို့ ဘားတိုက်ကတော့ ဖယောင်းတိုင်မီးနဲ့ ပါ။

လိုင်စင်တောင်က ကချင် လွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုဌာချုပ်ပါ။ ၁၉၈၆ မှာ ပါဂျို နားဖော့စခန်းကို စစ်တပ်က တိုက်လို့ ကျသွားတော့ ဒီနေရာကိုပြောင်းပြီး နေရာယူထားတာပါ။ “ပါဂျောင်စခန်း” လို့ ခေါ်ပါတယ်။ ၈၈ အရေးအခင်းရဲ့ ကျေးဇူးကြောင့် အဲဒီတောင်ပေါ်မှာ သံတမန်ရပ်ကွက်လို့ခေါ်တဲ့ မြန်မာပြည် ဒီမိုကရေစီတပ်ပေါင်းစုကို ၃၁ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းနိုင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကတော့ မဟာမိတ်အဖြစ်နဲ့ ဆက်ဆံခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက ကျောင်းသားတပ်မတော်ကို လက်နက် ကိုးလက် ပေးတဲ့အတွက် သွားယူဖို့ ရဲဘော်အချို့ ပြင်ဆင်နေကြပါတယ်။
အတွေ့အကြုံ - အတိတ်က အရိပ်များ ခင်စန်းနွယ် - Nov 5 2012 01:07 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005