အတိတ်မှ အရိပ်များ (၁၀)
20120304 Khin San Ngwe

ကျမက အရေးအကြီးဆုံးဖြစ်တဲ့ ဆရာတော် ဦးခေမာစာရကိုရှာဖွေရာ ထိုင်းနိုင်ငံဘက်ကို ထွက်သွားကြောင်း သိရတယ်။ ဒေါ်နုနုအေးကလည်း ကျမကို လိုက်မလားလို့ မေးပါတယ်။ကျမက “ထိုင်းကို သွားနှင့်ပါ။ နောက်မှလိုက်လာမယ်” လို့ ပြောလိုက်ပါတယ်။

ကျမစိတ်အပူဆုံးကိစ္စတခုဖြစ်တဲ့ ရေတပ်သားတွေအတွက်ပါဘဲ။ ဒါနဲ့ကျမ ဦးမောင်ကို (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာ ဗဟိုဦးစီးနှင့် တနင်္သာရီတိုင်း စည်းရုံးရေှးမှူး) ဆီသွားပြီး အခြေအနေမေးတော့ ဦးကိုက “မနွယ်ရေ စိတ်မပူနဲ့ အန်ကယ်ဦးတင်ဦး ကြည့်လုပ်လိုက်ပြီ။ မနွယ်မှာတဲ့အတိုင်း ကျနော် ပြောထားတယ်” လို့ ပြောပါတယ်။ သူက ဆက်ပြီး “ကျနော် အင်အယ်ဒီပါတီထဲမှာဝင်ပြီး လှုပ်ရှားမယ်” တဲ့။ ကျမက “ဦးကို သတိလည်းထားနော်” လို့ ပြောခဲ့တယ်။ ဒါကတော့ သူနဲ့ကျမ နောက်ဆုံးတွေ့ခြင်းဆိုတာ မသိခဲ့ရပါဘူး။ ကျမက ဘဘနုနဲ့ ဗိုလ်မှူးအောင်တို့ဆီ သွားရောက်ပြီး အခြေအနေများကို ရှင်းပြကာ ဂါရ၀ပြု နှုတ်ဆက်ခဲ့ပါတယ်။ ၄င်းတို့က ရေတပ်က ၁၁ ယောက် တိမ်းရှောင်ဘို့ လိုအပ်နေကြောင်း၊ ယခုလောလောဆယ် ဇရပ်ကွင်းက ပြည်ချစ်ပါတီမှ ဗိုလ်ကြီးဟောင်း ဦးဆင့်ထံမှာ ပုန်းခိုနေကြောင်း၊ သူတို့ရဲ့ ဆန္ဒကိုလည်း မေးပြီး လိုက်မယ်ဆိုရင် တပါတည်း ခေါ်ဆောင်သွားဘို့ တာဝန်ပေးပါတယ်။

ကျမလည်း သားသမီးတွေအတွက် ဆွေမျိုးများနှင့်တိုင်ပင် စီစဉ်ပြီး စရိတ်စကအတွက် လက်ဝတ်လက်စားအချို့ကို ထုခွဲ ရောင်းချလိုက်ပါတယ်။ ကျမတို့သုံးယောက် မန္တလေးမြို့ကို စတင် ထွက်ခွါလာခဲ့ကြပါတယ်။ မန္တလေးကနေ မိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ ဇရပ်ကွင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဗိုလ်မှူးအောင် ပေးလိုက်တဲ့ လိပ်စာအတိုင်း ရှာဖွေရာ ညနေပိုင်းမှာ ဦးဆင့်အိမ်သို့ ရောက်ပါတယ်။ အိမ်က နှစ်ထပ်ပျဉ်ထောင် သွပ်မိုးဖြစ်ပြီး ဈေးဆိုင် ဖွင့်ထားတာ တွေ့ရတယ်။ သူရဲ့အမျိုးသမီးနဲ့ကလေးနှစ်ယောက် အလုပ်သမား ၃ ဦး ရှိပါတယ်။ ဇရပ်ကွင်းက အလွန် သာယာ စည်ကားလှပါတယ်။ မိုးကုတ်မြို့ကို ကျောက်တူးရန် အသွားအလာရှိကြပြီး မိုးကုတ်လမ်းတလျှောက်နေရာတွေမှာ နီလာကျောက် အကြီးအကျယ် ထွက်ရှိတာ ဖြစ်ပါတယ်။ မိုးနည်းရပ်ဝန်းဖြစ်ပြီး အတော်စည်ကားတာ တွေ့ရတယ်။

အဓိက စည်ကားရတဲ့အကြောင်းရင်းကို ဦးဆင့်က ပြောတာက ဇရပ်ကွင်းနဲ့ ၃ မိုင်အကွာကစပြီး ရိုးမတောကြီး ရှိတယ်။ အဲဒီမှာ ရွှေ အလွန်ထွက်တယ်။ သူက ရေတပ်က ရဲဘော်တွေကို အဲဒီနေရာမှာ ထားတယ်ဆိုတာပါ ဘဲ။ ဦးဆင့်က တုတ်တုတ်ခိုင်ခိုင် အရပ်ကတော့ ၅ ပေ ၅ လက်မလောက် ရှိမယ်လို့ ထင်ပါတယ်။ အစက ကရင်ပြည်နယ်တောထဲမှာ ပြည်ချစ်ပါတီရဲ့ တာဝန်နဲ့နေခဲ့ကြောင်း သူက ပြောပြပါတယ်။ ကေအင်ယူက ပြည်ချစ်ကို ရှင်းလင်းရေး လုပ်တော့ ကမ္ဘောဒီးယားကို ထွက်ပြေးပြီး ကျောက်တူးနေတာ တဲ့။ မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတော့ ဘဘနုတို့၊ ဗိုလ်မှူးအောင်တို့၊ ဗိုလ်ရန်နိုင်တို့နဲ့အတူ ပြန်လာခဲ့တာလို့ ပြောပြတယ်။ ကျမတို့ကိုလည်း သူရဲ့ဇနီးက ချက်ပြုတ်ကျွေးမွေးတာ စုံနေတာပါပဲ။ စားသောက်ပြီးတော့ ခဏနေပြီး အိပ်ယာဝင်ခဲ့ကြပါတယ်။

မနက်ကျတော့ ဦးဆင့်နဲ့သူ့အလုပ်သမားတယောက်ကိုယ်တိုင် ဂျစ်ကားမောင်းပြီး ကျမတို့ သုံးယော် ကအတွက် စားစရာမျိုးစုံ ငါးသေတ္တာဗူးတွေကော ယူလာပြီး လိုက်ပို့ပေးပါတယ်။ ၁၉ ကွက်လို့ ခေါ်တဲ့ ရွှေတောကိုရောက်တော့ သူတို့ ပို့ပေးထားတဲ့ ရေတပ်ရဲဘော်တွေရှိတဲ့ တဲမှာ ဆုံဖြစ်ကြပါတယ်။ အားလုံးက ကျမကို တွေ့တော့ အရမ်း ၀မ်းသာသွားကြတယ်။ ကိုသန်းမြင့်လို့ခေါ်တဲ့ ရဲဘော်က “အမရေ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးတင်ဦးက တယောက်ကို သုံးထောင်ပေးပြီး ရှောင်ခိုင်းလိုက်တယ်။ အမက ပြောလိုက်လို့လို့ ပြောတယ်“ လို့ ကျမကိုပြောပြပါတယ်။ အားလုံးပေါင်း ၇၅ ယောက်ဆိုတော့ ကျမက ကျန်တဲ့သူတွေရောဆိုတော့ “တချို့က ထိုင်းဘက်ကို ထွက်သွားတယ်။ တချို့က အိန္ဒိယဘက်ကို သွားတယ်။ တချို့ကတော့ ကိုယ့်အရပ်ကို ပြန်မယ်ဆိုပြီး သွားကြတယ်” လို့ ပြောပြပါတယ်။ “ကျနော်တို့ လက်မတင်လေး လွတ်လာတာ ကျနော်တို့ ထွက်လာပြီး နှစ်ရက်မှာ မြကိုင်းရွာမှာလာပြီး မွှေနှောက် ဖမ်းဆီးလိုက်တာ ရွာကလူအချို့ပါ အဖမ်းခံရတယ်လို့ ကြားရတယ်။ ကျနော် စိတ်မကောင်းဘူး” လို့ ပြောပြပါတယ်။ အခု သူတို့ ရွှေတူးနေကြကြောင်း ပြောပါတယ်။ ကိုဇာနည် အဖမ်းခံရတာ သိလား မေးတော့ မသိဘူးလို့ ပြောပါတယ်။

ဦးဆင့်က “ဒါဆိုလဲ အေးအေးဆေးဆေး တိုင်ပင် ပြောဆိုကြပါ“ ဆိုပြီး ကျမတို့ကို ထားခဲ့ကာ ပြန်သွားပါတယ်။ နောက်နေ့မှာ ကျမ ရွှေတောကိုလိုက်ပြီး လေ့လာကြည့်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ သယံဇာတတွေ ဒီလောက်ထွက်တာ အခုမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ အဓိက ရွှေထွက်တဲ့နေရာတွေပါ၊ မြန်မာပြည်အရပ်ရပ်က ရောက်လာကြသူတွေ များပါတယ်။ စဥ့်ကိုင်၊ ၀က်လက်၊ ရွှေဘိုမြို့များမှ လူများနှင့် လက်ပံလှ၊ ချောင်းကြီးရွာ စသည်ဖြင့် ရွာပေါင်းများစွာက လူတွေ လာကြတာပါ။ အစိုးရက ရွှေရှာစက်နဲ့ ရွှေများများ ထွက်တဲ့နေရာတွေကို ဘဓရ (ဘူမိဗေဒနဲ့ ဓာတ်သတ္ထု ရှာဖွေရေး ကော်ပိုရေးရှင်း) ပိုင်တဲ့မြေ အဖြစ် ခြံဝင်းခတ်လိုက်ပါတယ်။ ဘေးက နေရာတွေမှာ အများပြည်သူတွေက ကိုယ်ပိုင် ရွှေတူးကြရပါတယ်။ ရွှေတွင်းဆိုတာ အကျယ် ၄ ပေ ဒါမှမဟုတ် ၆ပေ အကျယ် ပတ်လည် တူးရပါတယ်။ အနက်က အတောင် ၂၀ ဒါမှမဟုတ် ၂၂ တောင်အထိတူးရင် မြေသားဖြူဖြူက အပြာရောင်သန်းလာပြီး ခတ်ပျော့ပျော့လေး ဖြစ်နေရင် အဲဒါ ဗြုန်းလို့ ခေါ်ပါတယ်။ ဗြုန်းပေါ်ရင် အဲဒီ ဗြုန်းကို အပေါ်တင်ပေးရပါတယ်။ အဲဒီအတွက် ဘေးဘောင်တွေကို ခိုင်ခန့်အောင် ပျဉ်ချပ်တွေကို ဘောင်ရိုက်ပြီး ကပ်ထားရပါတယ်။ ရေတွင်း ဘောင်ကာသလိုပါဘဲ။ ပြီးတော့မှ အပေါ်ဘက်မှာ စက်သီးချိတ်ဖို့ တန်းရိုက်ပြီး ရေပုန်းနဲ့ကြိုးတွေ တပ်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တွင်းတူးတဲ့အခါ ပေါ်လာတဲ့မြေသားတွေကို ဆယ်ပြီး သွန်ပစ်ဖို့ ပါ။

ကျမ တခြားနေရာတွေဆီ လျှောက်ပြီးကြည့်တော့ စည်ကားလိုက်တာ လေဟာပြင်ဈေးတန်းကြီးတခုလိုပါဘဲ။ အစားအသောက်ဆိုင်တွေ မီးစက်တွေမောင်းပြီး ရောင်းနေလိုက်တာ အကြော်အလှော်ဆိုင်တွေကလည်း နှစ်ဆယ်လောက် ရှိတယ်။ အ၀တ်အထည်တွေနဲ့ ထွေလီကာလီဆိုင်တွေကလည်း နှစ်ဆယ်ကျော်မယ် ထင်ပါတယ်။ ကွမ်းယာဆိုင်ကတော့ ၃၀လောက် ရှိတယ်။ အရက်ဆိုင်တွေကလဲ အများကြီး ပါ။ အံ့သြစရာပါဘဲ။ ရွှေတူးတဲ့နေရာနဲ့ ဈေးတန်းက ငါးမိုင်လောက်ကွာမယ် ထင်ပါတယ်။ လမ်းတလျှောက်မှာတော့ ရွှေဝယ်တဲ့ဆိုင်တွေက အစီအရီ ပေါ့။ ဆိုင်ဆိုပေမယ့် စာပွဲတလုံး ချထားပြီး ရွှေချိန်တဲ့ချိန်ခွင်လေး တင်ထားလိုက်တာပါဘဲ။ ပြီးတော့ဘေးမှာ မီးသွေးမီးဖိုတခုမှာ မီးမွှေးထားပြီး ရွှေရောင်းမယ့်သူက မီးဖိုပေါ်မှာတင်ထားတဲ့ ကြေးဇွန်းထဲကို ရွှေတွေ လောင်းထဲ့ ပေးလိုက်ရပါတယ်။ ရွှေက ဖြူပြီး လုံးသွားရင် ဆယ်ယူပြီး ရွှေဝယ်သူက ချိန်ခွင်ထဲထဲ့ပြီး ချိန်လိုက်တယ် ပြီးတော့မှ ကျသင့်တဲ့ ငွေရှင်းပေးလိုက်တာပါဘဲ။ ရွှေတူးတော့ ထွက်လာတဲ့ မြေစာခဲတွေကို မျှော လို့ခေါ်တဲ့ ရွှေကျင်တဲ့ သံဇကာ ခင်းထားတဲ့ သုံးပေလောက်အရှည် တတောင်လောက် အနံရှိတဲ့ အထဲမှာ ရေနဲ့ကျင်းပြီး စစ်ခါ ကောက်ယူထားတဲ့ ရွှေခဲကလေးတွေ ပါ။ စွန့်ပစ်လိုက်တဲ့ မြေတွေကို အသက်ကြီးတဲ့သူတွေနဲ့ ခလေးတွေက ကြုံးယူပြီး ခမောက်လို သစ်သားပြား (အင်ဝိုင်း) ထဲမှာထဲ့ပြီး ချောင်းထဲမှာလှည့်ပြီး ကျင်ယူကြပါတယ်။ အဲဒီလိုကျင်လို့ရတဲ့ရွှေတွေကို ပြန်ရောင်းကြ့သူတွေဟာ တနေ့ကို ကျပ်၂၀၀ မှ ၅၀၀ အထိ ရကြတယ်လို့ ပြောပြပါတယ်။ ကျမရဲ့လေ့လာရေးက မဆုံးသေးပါဘူး။

ဒီရွှေတွေကို မန္တလေးမြို့က ရွှေချောင်းလုပ်တဲ့ တရုပ်လူမျိုး ရွှေဆိုင်ပိုင်ရှင်တွေက လာဝယ်ကြတာပါ။ ၀င်ငွေကောင်းတော့ လူအတော်များများလည်း ပျက်စီးနေကြတာပေါ့။ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ အံစာဝိုင်းတွေ အများကြီးပါဘဲ။ နယ်စုံက လာတာဆိုတော့ စရိုက်စုံပါဘဲလေ။ ရာဇ၀တ်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေလည်း ရှိတယ် လေ။ စစ်တပ်ကအုပ်ချုပ်ပေမယ့် အကုန်လုံးကို လွတ်လပ်ခွင့် ပေးထားပါတယ်။ မြန်မာပြည်မှာ ဧည့်စာရင်း မတိုင်ရတဲ့ ထူးဆန်းတဲ့နေရာတခု ပါ။ အဆိုးဆုံးတခုက အိမ်သာမရှိတာပါဘဲ။ တောတိုးတဲ့ဓလေ့ ပေါ့။ ဒါကြောင့်လည်း တနှစ်တခါ ၀မ်းရောဂါ ကျရောက်ပြီး လူ ၄၀-၅၀ သေဆုံးနေရတာပေါ့။ အဲဒီလို ၀မ်းရောဂါဖြစ်ရင် စစ်တပ်က ၀င်လာပြီး မိုးပေါ်ထောင် သေနတ်သုံးချက် ဖောက်ပြီး သတိပေးတယ်။ ဒါဆိုရင် ချက်ချင်းဘဲ အားလုံး ထွက်ပြေးကြရပါတယ်။ တဲတွေကို မီးရှို့ပစ်လိုက်ပါတယ်။ တခြားးနေရာတခုကိုရွှေ့ပြီး စခန်းချ ဆက်လုပ်ကြရပြန်တာပေါ့။

နောက်နေ့မှာ ကျမတို့ရဲဘော်တွေ ရွှေတူးတဲ့နေရာသွားကြည့်တော့ အထူးအဆန်းဖြစ်ပြီး ထိုင်ကြည့်နေမိပါတယ်။ ညဘက်ရောက်တော့ ကျမတို့သုံးယောက်နဲ့ သူတို့တွေ စုပေါင်းပြီး တိုင်ပင်ကြတယ်။

အဆက်အသွယ်ရထားတာက အိန္ဒိယနှင့် ကေအိုင်အေစခန်းတို့ဆိုတော့ တပ်သားတချို့က မြန်မာ့တပ်မတော်သားတွေဆိုတော့ တိုင်းရင်းသားစခန်းဖက်ကို သူတို့မလိုက်ရဲဘူးလို့ ပြောပါတယ်။ ဒါကြောင့် အိန္ဒိယဘက်ကို ထွက်ဖို့ဆုံးဖြတ်ကြတယ်။ ကျမတို့ကတော့ ကေအိုင်အေစခန်းဖက်မှာ ကျောင်းသားစခန်းရှိတယ်ဆိုတော့ ကျမတို့သုံးယောက်က တရုပ်ပြည်လမ်းကို ရွေးလိုက်ပါတယ်။ နောက်တပါတ်မှာ ကျမတို့သုံးယောက် ဇရပ်ကွင်း ကားကြုံနဲ့ပြန်ပြီး ဦးဆင့်ကို နှုတ်ဆက်ခဲ့ပါတယ်။

ဇရပ်ကွင်းမြို့ကနေပြီး မန္တလေး ပြန် ဆင်း၊ မန္တလေးမှာ ဗိုလ်မှူးအောင်ဆီ စာရေးပြီး အကျိုးအကြောင်း သတင်းပို့ခဲ့ပါတယ်။ အဲဒီကနေ လားရှိုးကားစီးပြီး ရှမ်းပြည်မြောက်ပိုင်းကို တက်ခဲ့တယ်။ နမ့်ဖက်ကာမှာ ထမင်း ၀င်စားကြတယ်။ မုန်ညှင်းဟင်းချို၊ တို့ဟူးနွေး၊ ရှမ်းဆန်စည်းစည်းလေးနဲ့ ထမင်းမြိန်လှပါတယ်။ ရှမ်းပြည်ရဲ့အေးမြတဲ့လေညှင်းက လတ်ဆပ်ပြီး ရနံ့သင်းသင်းလေးနဲ့ တိုးဝှေ့လာလို့ စိတ်တွေ လန်းဆန်းလာရပါတယ်။ ရှမ်းတောင်တန်းတွေဟာ မြန်မာပြည်ရဲ့အလှအပကို ခန့်ခန့်ညားညား ဖော်ပြနေသလို ကိုယ့်မြေ ကိုယ့်ရေဆိုတာကိုလည်း သီးခြားဘောင်ခတ် ကာဆီးထားတာကို တွေ့မြင် ခံစားနေရပါတယ်။ ထင်းရှူးပင်ဆိုတာ မြေပြန့်မှာ မတွေ့နိုင်ပါဘူး။ မြေသားတွေကလည်း အနီရောင်နဲ့ရွှေရောင် ရောစွက် ခင်းကျင်းထားပါတယ်။ ကျမ အနှစ်သက်ဆုံးကတော့ ဒေလီယာပင်၊ ယုဇနပန်းပင်နဲ့ သစ္စာပန်းတွေပါဘဲ ပန်းခင်းတွေက တမျှော်တခေါ်နဲ့ ရောင်စုံကော်ဇောကြီး ခင်းထားသလိုပါဘဲ။ ပန်းကော်ဇောကြီးကို အပြာရောင်တောင်တန်းတွေက အနားသတ်ကွပ်ထားတယ် လေ။ သက်ကယ်မိုးအိမ်လေးတွေက ရှုခင်းရဲ့အလှကို ဖြည့်စွက်ရင်း တိုင်းရင်းသားတွေရဲ့ ရိုးသားဖြောင့်မတ်တဲ့သရုပ်ကို ဖော်ပြရင်း ရှမ်းပြည်အလှကို ပိုမိုပြည့်စုံအောင် ဖြည့်စွက်ထားသလိုပါဘဲ။ အချို့အိမ်လေးတွေက ရွှံ့နဲ့ သရိုးကိုင်ပြီးဆောက်ထားတာ ထူးဆန်းတဲ့ဓလေ့တခုကို ထင်းကနဲ တွေ့လိုက်ရတယ်။

မူဆယ်မြို့ကို ရောက်ခဲ့ကြပါပြီ။ မူဆယ်မှာ ဦးစိုင်းမြင့်လွင်တို့အိမ်မှာ တည်းကြပါတယ်။ တော်လှန်ရေးအတွက် မြေပြန့်က ထွက်လာတဲ့လူမှန်သမျှကို သူက ကြိုဆို ဧည့်ခံပါတယ်။ ဧည့်ဝတ် ကျေပွန်တာကတော့ ပြောမပြနိုင်လောက်အောင်ပါဘဲ။ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ဖွဲ့ပြီး လှုပ်ရှားနေကြောင်း သိရတယ်။ သူ့အိမ်က ပျဉ်ချပ်အပြားကြီးတွေကို အချပ်လိုက်ကာထားတာ တမျိုးဆန်းသလိုပါဘဲ။ သုံးရက်မြောက်တဲ့နေ့မှာ ရှမ်းလူမျိုးဖြစ်တဲ့ ညီညီက ရှမ်းပြည်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ပြီး လိုက်သွားပါတယ်။

ကျမနဲ့ ကိုထွန်းထွန်းဦးကိုတော့ ရှေ့နေကြီး ဦးဝဏ္ဏစိုးက လာခေါ်ပါတယ်။ ဦးဝဏ္ဏစိုးက ကျမတို့ကို ကျောင်းသားတပ်မတော်၊ ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီအတွက် ဆောင်ရွက်ပေးနေတဲ့ ကိုကျင်ထွန်း၊ မအေးစိန်တို့ဆီကို ပို့ပေးမယ် ပြောပါတယ်။ နှစ်ရက်လောက်နေတော့ ကျမတို့နှစ်ယောက်ကို သူရဲ့တပည့်တယောက်နဲ့လိုက်ပို့ခိုင်းပါတယ်။ ကျမတို့နှစ်ယောက် မူဆယ်ရဲ့ဆိပ်ကမ်းကို ရွှံ့ဗွက်တွေထဲမှာ ရုန်းကန်ရင်း လျှောက်ခဲ့ရတာပေါ့။ လှေဆိပ်ရောက်တော့ ဟိုဖက်ကမ်းကို ကူးမယ့် ကူးတို့လှေပေါ်တက်ပြီး လိုက်ခဲ့ကြတယ်။ နာရီဝက်ခန့်ကြာတော့ တရုတ်ပြည် ယူနန်နယ် ရွှေလီဆိပ်ကမ်းကိုရောက်ပါပြီ။ ကျမ လှေပေါ်ကအဆင်းမှာ အောက်ကိုကြည့်လိုက်တော့ ခြေထောက်ချရမှာ နည်းနည်း တွန့်ဆုတ်သွားမိတာ အမှန်ပါ။

ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မြန်မာပြည်ဘက်က ရွှံ့ဗွက်တွေနင်းပြီး ပေကျံနေတဲ့ ကျမခြေထောက်ကို ကျောက်သလင်း ဖြူဖြူပေါ်ကို ထိလိုက်ဖို့ အားနာနေလို့ပါဘဲ။ တိုင်းပြည်နှစ်ခုရဲ့အသေးစားကွာဟမှုက အလှမ်းကွာလှပါလား။ ၀င်ဂိတ်ရောက်တော့ ကျမတို့အမည်ကို စာအုပ်မှာ ရေးသွင်းရတယ်။ မှတ်တမ်းစာအုပ် တင်ထားတဲ့ မှန်စားပွဲပေါ်မှာ မြန်မာပြည်က အလိုရှိတဲ့ ရာဇ၀တ်မှုသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ဓာတ်ပုံတွေကို ကပ်ထားတာ တွေ့ရပါတယ်။
အတွေ့အကြုံ - အတိတ်က အရိပ်များ ခင်စန်းနွယ် - Oct 24 2012 08:17 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005