ကနေဒါနိုင်ငံ၊ ဗန်ကူးဗားဘီစီ၊ က Grouse Mountain
ဗန်ကူးဗားဘီစီကို ကျနော် ရောက်တာ ဒီအခေါက်ဟာ (၃) ခေါက်မြောက် ပါ။ ရောက်ရတဲ့အကြောင်းက ဗန်ကူးဗားနေ ညီအကိုလိုဖြစ်နေတဲ့ သူငယ်ချင်းများက တကူးတက ဖိတ်ပြီး ကိုယ်တိုင်လဲ လာခေါ်တာမို့ ပါ။ အခြား အကြောင်းတွေကတော့ ရွှေညဝါဆရာတော် ပြန် မကြွမီ ဗန်ကူးဗားမှာ နှုတ်ဆက် ဂါရဝပြုပွဲ၊ နိုဝင်ဘာ (၁၀) ရက်နေ့ မှာ ကျင်းပမယ့် ဗန်ကူးဗားက မြန်မာ့ရိုးရာ တန်ဆောင်ပွဲ သတင်းများ ရယူဖို့နဲ့ နိုဝင်ဘာ (၂၄) ရက်နေ့ အော်ရီဂွန်မှာ ကျင်းပမယ့် ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ ဆရာမ ဒေါ်သန်းမြင့်အောင်တို့နဲ့  ပြည်ပရောက် မြန်မာတို့ တွေ့ဆုံပွဲကို ကနေဒါက မိတ်ဆွေများ လာရောက် အားပေး လှူဒါန်း နိုင်ဖို့ လူကိုယ်တိုင် လာ ဖိတ်ချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ကိုမောင်မောင်သိန်း၊ ကိုမိုး၊ ကိုသန်းဝင်းနဲ့ ကျနော်တို့ က အမေရိကားမှာ နေတဲ့သူတွေ ပါ။ နယ်ခံဖြစ်တဲ့ ကိုကိုလေးက ကြိုပို့ တာဝန်ယူသလို ကိုတင်နွယ်မိသားစုကလဲ ဧည့်ခံ ကျွေးမွေးကြပါတယ်။ ပွဲတွေ ကျင်းပဖို့ အချိန် (၂) ရက် လိုသေးတော့ ကိုတင်နွယ်က သူတို့ ဗန်ကူးဗားရဲ့ နေ့ အလှ၊ ညအလှတွေကို လှည့်လည် ပြသပေးပါတယ်။
ဒီလိုနဲ့ နိုဝင်ဘာ (၈) ရက်နေ့မှာ ကနေဒါနိုင်ငံရဲ့ နာမည်ကျော် Grouse Mountain ကို လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ Grouse Mountain ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၂၅ ပေ အမြင့်မှာ တည်ရှိပြီး ဗန်ကူးဗားဘီစီကနေ မြို့တွင်းပြေး ဘတ်စ်ကားများနဲ့  သွားနိုင်ပါတယ်။ ကနေဒါဒေါ်လာ ၃.၇၅ ဒေါ်လာ ကျသင့်ပါတယ်။ ထို့အပြင် ကိုယ်ပိုင်ကားများနဲ့လဲ အလွယ်တကူ သွားနိုင်ပါတယ်။ တောင်ခြေမှာ ကားအပ်ထားနိုင်တဲ့ နေရာတွေ ရှိပါတယ်။ တောင်ပေါ်ကို sky way ကေဘယ်လ်ကားနဲ့ တက်ရပါတယ်။ ကေဘယ်ကားခက လူကြီး အမျိုးသား (၄၉.၉၅) ဒေါ်လာ၊ အမျိုးသမီး (၄၅.၉၅) ဒေါ်လာ၊ လူငယ် (၃၃.၉၅) ဒေါ်လာ၊ ကလေး (၁၃.၉၅) ဒေါ်လာ၊ မိသားစု (လူကြီး နှစ်ယောက်၊ ကလေး နှစ်ယောက်) (၁၂၅.၉၅) ဒေါ်လာ သတ်မှတ်ထားပါတယ်။ တနှစ်ပတ်လုံးအတွက်ဆိုရင် လူကြီး အမျိုးသား (၉၉) ဒေါ်လာ ၊ အမျိုးသမီး (၇၉) ဒေါ်လာ ၊ လူငယ် (၅၉) ဒေါ်လာ ၊ ကလေး (၃၉) ဒေါ်လာ ၊ မိသားစု (လူကြီး နှစ်ယောက်၊ ကလေး နှစ်ယောက်) (၁၉၉) ဒေါ်လာ သတ်မှတ်ထားပါတယ်။ (ထို နှုန်းထားအားလုံးဟာ ကနေဒါဒေါ်လာ ဖြစ်ပါတယ်။) တောင်ပေါ်ကေဘယ်လ်ကားအပြင် ရဟတ်
ယာဉ်နဲ့ လှည့်ပြခြင်း၊ တွဲလွဲခို တောင်ပတ်ကြိုး စကိတ်စီးခြင်း၊ ရိုက်တာစီးခြင်းများ အပါအဝင် ဆိုရင်တော့ တယောက်ကို (၂၂၉) ဒေါ်လာ ကျပါမယ်။
တောင်ခြေနဲ့ တောင်ပေါ်တဝိုက်မှာ သစ်လုံးထွင်း ပန်းပုလက်ရာများကို တွေ့နိုင်ပါတယ်။ တောင်ခြေ၊ တောင်ပေါ် နားနေစခန်းများမှာ Starbucks ကော်ဖီဆိုင်၊ အသားညှပ်မုန့်ဆိုင်၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်ငယ်လေးများ ရှိပါတယ်။ တောင်ခြေဝန်းကျင်မှာ တည်းခိုခန်းတွေနဲ့ ပန်းခြံတွေ ရှိပါတယ်။ တောင်ပေါ်မှာ ရေခဲပြင်စကိတ်စီးတဲ့ နေရာ၊ သဘာဝတောလမ်းအတိုင်း လမ်းလျှောက်ဖို့ နေရာ၊ တွဲလွဲခို တောင်ပတ်စကိတ်စီးရန် နေရာ၊ လေရဟတ်မျှော်စင်တို့ ရှိပါတယ်။ လူတွေနဲ့ ယဉ်ပါးနေတဲ့ သမင်များ၊ ယုန်ငယ်လေးများကိုလဲ လမ်းတလျှောက် ကြိုကြားကြိုကြား တွေ့ နိုင်ပါတယ်။ အလွယ်တကူ ကြည့်နိုင်ဖို့  ဖန်တီးထားတဲ့ သဘာဝလှောင်အိမ်ထဲက ဝက်ဝံမောင်နှံကို အနီးကပ် ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ ထို့အပြင် တောင်ပေါ်ကနေ ဗန်ကူးဗားဘီစီမြို့၊ ပင်လယ်နဲ့ ဆက်စပ်နေတဲ့ မြစ်ဆုံရဲ့ လှပတဲ့ ရှုခင်းများကို ကြည့်ရှုနိုင်ပါတယ်။ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ကို ရောက်ခဲ့ရင် Grouse Mountain သွားရောက်သင့်တဲ့ နေရာ တနေရာဖြစ်ကြောင်း ယနေ့မြန်မာပရိသတ်ကို ဖောက်သည်ချ၊ တင်ဆက်လိုက်ပါတယ်။
ဓါတ်ပုံ သတင်း - ကနေဒါနိုင်ငံ၊ ဗန်ကူးဗားဘီစီ၊ က Grouse Mountain - Nov 9 2012 03:55 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012











